ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၃၀ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)ရုံး၀င်း အတွင်း၌ စစ်ကောင်စီတပ်မှ အရာရှိများ ပုန်းအောင်းရန်အတွက် ဗုံးခိုကျင်းများ တူးဖော်ထားပြီး အထက်မှညွှန်ကြားလာခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒကစ ၀င်းအတွင်းတွင် ပြီးခဲ့သည့် နို၀င်ဘာလ ၂၅ ရက်နေ့ကတည်းက မြေတူးစက်များဖြင့် ဗုံးခိုကျင်းများတူး ဖော်နေခြင်းဖြစ်ပြီး ညီနောင်မဟာမိတ်အဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးတစ်လပြည့် အနေဖြင့် တနိုင်ငံလုံး ဆင်နွှဲမည်ဆိုသည် ပြောကြားချက်များ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ဗုံးခိုကျင်းများ တူးဖော်ရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း ဒကစတပ်တွင်း မိသားစုများထံက သိရသည်။
“မြေတူးစက်ကြီးတွေနဲ့ ဗုံးခိုကျင်းတွေကို ၀င်းအတွင်းမှာ အနှံ့တူးနေတာ။ ၂၇ ရက် မတိုင်ခင်ကတည်းက တပ်တွေထဲ ရဲစခန်းတွေထဲမှာ တပ်လှန့်ထားတာ။ တပ်မိသားစုတွေလည်း သတိထားနေကြဖို့။ ဟုတ်တာမဟုတ်တာထက် လှုပ်လှုပ်ခတ်ခတ်နဲ့ ထိရောက်တယ်ပြောရမယ်” ဟု တပ်တွင်းမိသားစု၀င် တစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။
ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့၀င်များသည် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးဆင်နွှဲသွားမည်ဟု ကြေညာချက်များ ထုတ်ပြန်ထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး ပြည်မြို့ န၀ဒေးတံတား ဘက်မှ စစ်မီးကူးစက်လာမည်ကို စိုးရိမ်နေသည့် စစ်ကောင်စီတပ်က တံတားအနီး၀န်းကျင်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ စစ်ဆေးရေးတင်းကျပ်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါပြည်မြို့ရှိ ဒေသကွပ်ကဲရစစ်ဌာနချုပ်(ပြည်) ဒကစမှူးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇) ဆင်း ဗိုလ်မှူးချုပ်ဆန်းဌေးမောင်ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စစ်တွေဒကစမှူးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ်သည်။
ထို့အတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ မြို့မရဲစခန်း၀င်းအတွင်း၌ PDF များလာ ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ကတုတ်ကျင်းများကို ဗုံးဒဏ်ခံနိုင်ရန် အဆင့်မြှင့်တင်တူးကြရန် ညွှန်ကြားချက်ကြောင့် နို၀င်ဘာ ၂၃ ရက်နေ့ကစတင်၍ တူးဖော်ကြရာ ရဲနှစ်ဦး မြေပြိုကျ၍ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ပုံစာ-ပြည်မြို့မြင်ကွင်း
#ပဲခူးအနောက်ခြမ်း #ပြည်ဒကစရုံးဝင်း #ဗုံးခိုကျင်းများတူးဖော် #Ayeyarwaddy_Times