ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် USIP အဖွဲ့အစည်း၏ သုံးသက်ချက်များ လွဲမှားနေကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှတဆင့် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် တုံ့ပြန်ထားသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် မဟာမိတ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များက မြို့များသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးအရှိန် အဟုန်မြင့်လာစေသည်။ စစ်ကောင်စီသည် ရာဇဝတ် ဂိုဏ်သားတွေကို အကာအကွယ် ပေးထားသော်လည်း မဟာမိတ်အဖွဲ့က နှစ်ပတ်အတွင်း ပြောင်းလဲလိုက် နိုင်ကြောင်း USIP ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါ (Jason Tower) က အမေရိကန် အခြေစိုက် မီဒီယာများကို ပြောကြားခဲ့သည်။

ဂျေဆင်တာဝါ၏ အဆိုပါ သုံးသပ်ချက်များသည် မြေပြင်တွင် ဖြစ်ပေါ်နေခြင်းမရှိဘဲ ၎င်းပြောကြားသည့် လက်နက်ကိုင်အဖွဲ့အစည်းအတွင်းမှာပင် သွေးကွဲမှုများရှိပြီး စစ်ကိုင်းဘက်တွင်အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့မတည့်ဘဲ တိုက်ခိုက်နေသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက USIP အဖွဲ့၏ ပြောဆိုချက်များကို တုံ့ပြန်ထားသည်။

“အနောက်နိုင်ငံတွေနဲ့ ဆက်စပ်အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် ပိုပြီးတော့ ဝင်ရောက် စွက်ဖက်တဲ့ သဘောပဲ။ ကျွန်တော်ပြောချင်တာကတော့ လက်တွေ့ သူတို့ပြောတဲ့အတိုင်း မြေပြင်မှာဖြစ်နေခြင်းရှိ၊ မရှိ ဆိုတာလက်တွေ့လည်း မြင်နေရတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

အွန်လိုင်း လောင်းကစားလိမ်လည်မှုများနှင့်ပတ်သက်ပြီး နှိမ်နှင်းရန်အတွက် နိုင်ငံ တကာက တောင်းဆိုချက်များကို စစ်ကောင်စီအနေဖြင့် အလေးထားခြင်းမရှိဘဲ ကိုးကန့်ဒေသတွင် စစ်ခေါင်းဆောင်ခရိုနီ အုပ်စုပူးပေါင်း၍ ငွေလိမ်လုပ်ငန်းကနေတဆင့် အဓိကဝင်ငွေရနေကြောင်း USIP က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Jason Tower က မီဒီယာများကို သုံးသပ်ပြောကြားထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့စတင်ခဲ့သော မဟာမိတ်သုံးဖွဲ့စစ်ဆင်ရေးတွင် အွန်လိုင်းအလောင်းကစားနှင့် စစ်အာဏာ ရှင်အမြစ် ပြတ်ရေးရည်ရွယ်ချက်တို့ပါဝင်ပြီး တရုတ်အစိုးရ၏ အသံတိတ်အားပေးမှုရှိကြောင်း Jason Tower က ဆိုထားသည်။

ဓာတ်ပုံ – (ပုံဟောင်းပြန်လည်အသုံးပြုထားသည်)

#USIP #မြန်မာ့အရေး #မြောက်မိုင်းမဟာမိတ် #Ayeyarwaddy_Times