နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ-SSPP နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တို့အကြား ပဏမအဆင့် အပစ်ရပ်ရန် နှစ်ဖက်သဘောတူမှုသည် လက်ရှိဖြစ်ပွါးနေသည့် ရှမ်းမြောက်စစ်ဆင်ရေးနှင့် မသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့များထံက သိရသည်။
နှစ်ဖက်စည်းလုံး ညီညွတ်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့်နေကြသည့် ရှမ်းလူထုနှင့် သံဃာတော်တို့၏ လိုလားတောင့်တမှုနှင့်အညီ SSPP နှင့် RCSS ဌာနချုပ်နှစ်ခုတို့မှ နှစ်ဘက်ကိုယ်စားလှယ် ၇ ဦးတို့သည် တွေ့ဆုံဆွေးနွေး၍ ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်က အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုနှစ်ဖွဲ့သည် မူလက တစ်ဖွဲ့တည်းဖြစ်သော်လည်း အယူအဆ၊ ခံယူချက်တို့ကြောင့် အဖွဲ့ကွဲသွားခြင်းဖြစ်သလို အချင်းချင်းကြား၌ မလိုလားသည့် ပဋိပက္ခများဖြစ်ကာ လက်နက်ကိုင် တိုက်ခိုက်ခြင်းကိုလည်း မလွှဲမရှောင်သာ ဖြတ်သန်းခဲ့ရပြီး ယင်းကဲ့သို့ ခါးသီးသော သင်ခန်းစာများကို မည်သူကမျှ မလိုချင်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒါကို ကျွန်တော်တို့ တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာ ရဟန်းရှင်လူတွေ အကုန်လုံးက အပစ်ရပ်ဖို့ စာအားဖြင့်ရော၊ လူအားဖြင့်ရော တောင်းဆိုမှုတွေ ရှိလာခဲ့တယ်။ အဲဒါကတော့ ပြည်သူလူထုနဲ့ ရဟန်းသံဃာတွေ အပိုင်းပေါ့။ ကျွန်တော်တို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS တပ်မှူးတွေလည်း ဒါက မဖြစ်သင့်ဘူး၊ ပြန်ပြီးဆွေးနွေး အဖြေရှာတာက ပိုကောင်းတယ်။ ဘယ်သူမှ အကျိုးမရှိဘူး ဒီလိုတိုက်ခိုက်တာက ဆိုပြီးတော့ ကျွန်တော်တို့ ပြန်ပြီးဆွေးနွေးမှုတွေ လုပ်ခဲ့တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ရက်နှင့် ၁၀ရက်တို့က ထုတ်ပြန်ခဲ့သော နှစ်ဖက်ဥက္ကဋ္ဌကြီးတို့၏ အမိန့်ပြန်တမ်းအတိုင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း၊ နှစ်ဖက်အမျိုးသားညီညွတ်ရေး ထိခိုက်စေသည့် Media အသုံးပြုခြင်းအား ပိတ်ပင်တားဆီးခြင်းတို့ကို ယနေ့အထိ နှစ်ဦးနှစ်ဖက်က လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။
“ကျွန်တော်တို့ ပဏာမအနေနဲ့ အပစ်ခတ်ရပ်စဲမယ်၊ မီဒီယာထိုးနှက်မှုတွေ မပြုလုပ်ဖို့နှစ်ဖက်ထိန်းသိမ်းရမှာပေါ့။ အခုက တပ်ပိုင်းဆိုင်ရာ တပ်ဖွဲ့ဝင်များ ဟိုဖက်ဒီဖက် နေရပ်ပြန်ရေးကိစ္စများ၊ ပြည်သူလူထုဖြတ်သန်းသွားလာခွင့်ပေါ့။ ဒါတွေလည်းလွတ်လွတ်လပ်လပ် ဖြစ်နိုင်ဖို့ ကျွန်တော်တို့ညှိုနှိုင်း သဘောတူညီချက်တွေ ရှိပါတယ်။ ရေရှည်အားဖြင့်လည်း ကျွန်တော်တို့ ယုံကြည်မှုကို တည်ဆောက်ပြီးတော့မှ ဒီထက်မက ပူးပေါင်းနိုင်ဖို့ကလည်း စဉ်းစားချက်ရှိတာပေါ့” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။
ယင်းအပြင် နှစ်ဖက်တပ်ဖွဲ့အကြား ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ညီနောင်မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနှင့် မသက်ဆိုင်သလို အခြားအဖွဲ့အစည်း၊ အခြားလူမျိုးများကို ပြန်လည်ရင်ဆိုင် တိုက်ခိုက်ရန် ရည်ရွယ်ချက်လည်း မရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။
“သူများကိုရော တခြားအဖွဲ့အစည်းကိုရော ပြန်ချဖို့၊ တခြားလူမျိုးတွေကို ပြန်ပြီးတော့ ရင်ဆိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ ရှမ်းအချင်းချင်း အမျိုးသားစည်းလုံးညီညွတ်ဖို့၊ ရှမ်းပြည်သားအချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ပြည်ထောင်စုကြီး ညီညွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ လုပ်တယ်ဗျ“ ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုသည်။
လက်ရှိဖြစ်ပွါးနေသည့် ရှမ်းမြောက်စစ်ဆင်ရေးတွင် မည်သည့်အဖွဲ့ဘက်မှ ပါဝင်တိုက်ခိုက်မည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည့် အဆိုပါနှစ်ဖွဲ့ အပစ်ရပ်မှုအား ဝေဖန်မှုများလည်း ထွက်ပေါ်နေပြီး ဝေဖန်မှုများအပေါ် ဂရုစိုက်နေမည် မဟုတ်ကြောင်း SSPP က တုံ့ပြန်ထားသည်။
ဓာတ်ပုံ – SSPP
#SSPPနှင့်RCSS #ပဏမအဆင့် #အပစ်ရပ်ရန် #သဘောတူ #ရှမ်းမြောက်စစ်ဆင်ရေးနှင့် #မသက်ဆိုင်ဟုဆို #Ayeyarwaddy_Times