
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်(၉)လမ်းတွင် နေထိုင်သည့် ကားပွဲစားတစ်ဦးကို ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက နေအိမ်အတွင်းထိ ဝင်ရောက်သတ်ဖြတ်ထားပြီး အသတ်ခံရသူ၏ ကားပါပျောက်ဆုံးနေကြောင်း ဒေသခံများထံက သိရသည်။
အသတ်ခံရသူသည် လမ်းမတော်မြို့နယ် ၊ (၉)လမ်း မြေညီထပ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်တွင် သတ်ဖြတ်ထားခြင်းဖြစ်ကာ တရားခံကို ဖမ်းဆီးရခြင်းမရှိသေးဘဲ အသတ်ခံရသူစီးသည့် ကားပါ ပျောက်ဆုံးနေကြောင်း ရပ်ကွက်နေ ပြည်သူ အချို့ထံက သိရသည်။
” သက်ဆိုင်ရာကို အကြောင်းကြားပြီး ဝင်ရောက်ရှာဖွေမှုတွေလုပ်တာ။ ဦးခေါင်းဒဏ်ရာနဲ့ အိမ်အတွင်းမှာ သေနေတာတွေ့တယ်။ သတ်တဲ့သူကိုတော့ မသိရသေးဘူး။ အသတ်ခံရတဲ့ပုံစံကြည်ရတာတော့ မနက်ပိုင်းလောက်က ဖြစ်နိုင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဝင်ရောက်စစ်ဆေးနေတာရှိတယ်” ဟု လမ်းမတော်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် လုယက်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှုများ မကြာခဏဖြစ်လေ့ရှိပြီး ကျူးလွန်သည့် တရားခံအများစုကို ဖော်ထုတ်နိုင် ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။
“ရန်ကုန်မြို့လယ်ခေါင်မှာတောင် လုယက်မှု၊ ဓားမြတိုက်မှုနဲ့ လူသတ်မှုတွေက မကြာခဏဖြစ်ပေါ်နေတာ။ ကျူးလွန်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိတယ်ဆိုတာ မရှိဘူး။ ပြီးခဲတဲ့လကလည်း လမ်းမတော်မြိုနယ်ထဲမှာပဲ အမျိုးသမီးတစ်ဦး လက်ကိုင်ဖုန်း အလုခံရတယ်။ ဆွဲကြိုးအလုခံရတာလည်းရှိတယ်” ဟု လို့ ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်တွင် ဇမ္ဗူရာဇ်ရွှေ ဆိုင်ပိုင်ရှင်တစ်ဦး ကို သတ်ဖြတ်၍ ရွှေများကို လုယက်ယူဆောင်ခြင်းခံခဲ့ရသည်။
ထိုသို့ လူသတ်၊ ဓားပြတိုက်၊ လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံများသည် စစ်ကောင်စီတပ်၊ ရဲတို့နှင့် ဆက်စပ်နေသူများဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ရေးသားဖော်ပြချက်အရ သိရသည်။
ပုံစာ-လမ်းမတော်မြို့နယ်
#လမ်းမတော် #ကားပွဲစားတစ်ဦး #နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ် #ကားပျောက်ဆုံး #Ayeyarwaddy_Times