ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ ရေကြည်မြို့နှင့် မြောင်းမြမြို့များတွင် PDFတပ်ဖွဲ့များကို ထောက်ပံမှုပြုလုပာသည်ဟုစွပ်စွဲကာ CDMကျောင်းဆရာမ နှစ်ဦးနှင့်အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

“သူတို့က လူမှုကွန်ယက် မှာ PDFတွေကို လှူတယ်ဆိုပြီး စွပ်စွဲပြီး အင်အားနဲ့လာဝိုင်းတာ CDMဆရာမလေးတွေကို လက်ထိပ်ခတ်ပြီးခေါ်သွားတာတွေ့တယ်။CDMလုပ်ထားလို့ စောင့်ကြည့်နေပြီး အခွင့်ကြုံလို့အမှုဆင်ပြီးဖမ်းတာလို့ ထင်တယ်” ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကို ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ မြောင်းမြမြို့တွင် CDM ပြုလုပ်ထားပြီး နေအိမ်တွင်နေထိုင်နေသူကျောင်းဆရာမ နှစ်ဦးနှင့် ရေကြည်မြို့နယ် ၊ အသုတ်မြို့၊အုန်းတောလမ်းတွင်နေထိုင်သူ ဇော်မင်းထွန်းဆိုသူတို့ ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

“စစ်တပ်သတင်းပေးတွေက သူတို့ထင်တဲ့လူတွေကို ဖမ်းခိုင်းနေတာ။ ကျေးရွာတွေမှာလဲ စစ်သားတွေတပ်ဖြန့်ထားတယ် နေ့တိုင်းအဖမ်းအဆီးမရှိတဲ့နေ့မရှိဘူး”ဟုရေကြည်ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ သုံးဦးကို ရေကြည်မြို့နှင့်မြောင်းမြမြို့ရှိ ရဲစခန်းများတွင် ​အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ဧရာဝတီတိုင်း #ရေကြည် #မြောင်းမြ #ပုဒ်မ၅၀(ည) #PDF #CDM #Ayeyarwaddy_Times