
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်
ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ၏ နိုင်ငံရေး ဦးဆောင်မှုကို ခံယူထားသည့် ပအိုဝ်းတပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) နှင့် ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ခမ်းဒွမ် (PPDF-KD) တို့သည် ရှမ်း-ကရင်နီ၊ သထုံ၊ ဘားအံဒေသများတွင် မဟာမိတ်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း PNFC ထံက သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ပေါ်တပ်ဖွဲ့ဖြစ်သော PNDF-KK သည် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ-KNPP လက်အောက်ခံ ကရင်နီတပ်မတော်(KA) ၏ စစ်ရေးကွပ်ကဲမှုကို ခံယူ၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) အပါအဝင် မဟာမိတ်များနှင့် ပူးပေါင်းကာ လက်ရှိစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ မြေပြန့်တပ်ဖွဲ့ဟု ခေါ်ဆိုသော ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒွမ် (PPDF-KD) သည်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ၏ စစ်ရေးကွပ်ကဲမှုဖြင့် သထုံနှင့် ဘားအံဒေသ တိုက်ပွဲများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ စစ်ရေးကိစ္စရပ်တွေကို ကျွန်တော်တို့အစီအစဉ်နဲ့ သီးခြား ဖော်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ တောင်ပေါ်တပ်ဖွဲ့ (ခမ်းကောင်)ကတော့ ကရင်နီ တပ်မတော်ရဲ့ စစ်ရေးကွပ်ကဲမှု၊ မြေပြန့်တပ်ဖွဲ့ (ခမ်းဒွမ်)ကတော့ KNLA ရဲ့ စစ်ရေးကွပ်ကဲမှု ဒီဟာတွေနဲ့ပဲ သွားပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရှမ်းမြောက်နှင့် ကရင်နီ စစ်ဆင်ရေးအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုလည်း မြေပြင်အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခြင်း မျိုးကိုသာပြုလုပ်နိုင်ခဲ့ပြီး ပိုမိုကျယ်ပြန့်သည့် စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ခြင်း စသည် တို့ကိုမူ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့်တကွ ပအိုဝ်းပြည်သူများ၏ နိုင်ငံရေး အန္တိမ ရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ ဝအာမခံချက်ရှိသော ပအိုဝ်းပြည်နယ်တစ်ရပ် ပေါ်ပေါက်ရေးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပအိုဝ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပအိုဝ်းအမျိုးသား ဒေသများ ဆိုင်ရာ ပြုစုရေးဆွဲရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ကျင်းပပြုလုပ်သော PNFC ဗဟိုအစည်းအဝေးတွင် သဘောတူဆုံးဖြတ်၍ ကြိုးပမ်းဖော်ဆောင်နေကြောင်းသိရသည်။
ပုံစာ- PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းအား ပအိုဝ်းဝတ်စုံဖြင့် တွေ့ရစဉ်
#KNDF #မဟာမိတ်များပူးပေါင်း #ပအိုဝ်းတပ်ဖွဲ့နှစ်ဖွဲ့ #စစ်ဆင်ရေး #ပါဝင်ဆောင်ရွက် #Ayeyarwaddy_Times