ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၉ ရက်

စစ်ကောင်စီတပ်၏ အထူးတိုက်ခိုက်ရေး တပ်မဟာတစ်ခုဖြစ်သည့် သန္နီမြို့အခြေစိုက် အမှတ် (၁၆) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်မှူးသည် နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်သည်အင်အား ၁၀၀ ကျော်ဖြင့် ထွက် ပြေးသွားကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ စကခ(၁၆)၏ စကခမှူးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်သား ၁၀၀ ကျော်ခေါ်ဆောင်၍ ထွက်ပြေးသွားသည်ဟု MNDAA ထံ အလင်းဝင်လာသည့် ခမရ-၁၂၅ တပ်ရင်းမှူးက ပြောဆိုခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၀ ခုနှစ်တွင် အမှတ် (၁၆) နှင့်အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တို့ကို အထူးစစ်ဆင်ရေးအတွက် တပ်မဟာအဖြစ်ပြောင်းလဲ ဖွဲ့စည်းကာ စစ်သည်များကိုလည်း တိုက်ခိုက်ရေး အထူးသင်တန်းများပေးခဲ့ပြီး တပ်အင်အား ကိုလည်းအခြားတပ်များထက် ပိုမိုဖြည့်တင်းထားကြောင်း သိရသည်။

စစ်ကောင်စီတပ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း(၁၂၅) တစ်ရင်းလုံးသည် အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ပြီး တပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့်အတူ MNDAA ထံသို့ရောက်လာကာ လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လက်နက်ချ အလင်းဝင်လာသည့် တပ်ရင်းမှူးသည် ၎င်း၏ဒဏ်ရာရလူနာများကို ကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးတို့အတွက် အကူအညီ တောင်းခံခဲ့သည်။

MNDAAအနေဖြင့် တပ်ရင်းမှူး၏ တောင်းဆိုချက်များကို သဘောတူညီပြီးနောက် ညနေ ၅ နာရီခန့်တွင် တပ်ရင်းမှူးသည် ၎င်း၏ လက်အောက်ငယ်သားများအားလုံးကို ခေါ်ဆောင်၍ လက်နက်ချ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ချအလင်းဝင်‌ ရောက်လာသူများထဲတွင် ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး)၊ ခလရ ၁၂၅ အဖွဲ့ဝင် ၉၃ ဦး ၊ စကခ(၁၆) အဖွဲ့ဝင် ၃၆ ဦး၊ စကခ (၁၂) အဖွဲ့ဝင် ၁၄ ဦး၊ စစ်မိသားစုဝင် ၈၆ ဦး၊ စစ်ဆင် ရေးအကြံပေးသူ ၅ ဦးနှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၂၇၂ ဦးရှိသည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ-MNDAA

#ရှမ်းမြောက် #ကိုးကန့် #MNDAA #စစ်ကောင်စီတပ်အလင်း၀င် #အလံဖြူပြ #ခလရ၁၂၅ #စကခ၁၆မှူးထွက်ပြေး #Ayeyarwaddy_Times