
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာသို့ စစ်ကောင်စီက နိုဝင်ဘာ ၂၇ရက်နေ့မှ စတင်ကာ လက်နက်ကြီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့သောကြောင့် တင်သား ဒေသခံ နှစ်ဦးသေဆုံး၍ တစ်ဦး လက်နှစ်ဖက်ပြတ်ကာကလေးသူငယ်များအပါအဝင် ပြည်သူရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ထိစပ်ရာ မကွေးတိုင်း၊ ဟံသာဝတီကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်များက သုံးမိုင်ခန့်သာကွာဝေးသည့် တင်သားကျေးရွာဖက်သို့ နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်ကာ ၁၂၀ မမ လက်နက်ကြီးများဖြင့် တစ်ရက်လျှင် ၁၀ကြိမ်ထက်မနည်း ပစ််ခတ်ခဲ့ရာမှ နိုဝင်ဘာ ၂၇ရက်နေ့ နံနက်ပိုင်းတွင်နေအိမ်ခြံဝင်းထဲ မုန့်ညှင်းစိုက်နေသည့် အသက် ၅၅ နှစ်အရွယ် သားသမီး သုံးဦး၏ မိခင် ဒေါ်မဝေ ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟုတင်သားဒေသခံတစ်ဦးကပြောသည်။
“ဒေါ်မဝေအလောင်းကတော့ ခန္ဒာကိုယ်ဆိုတာ
မရှိတော့ဘူး။တစ်စစီဖြစ်သွားပြီး ရှာလို့ရသမျှခြေလက်အပိုင်းအစ တစ်ချို့ကို စုထည့််ပြီး သဂြိုလ်ပေးလိုက်ကြပါတယ်။သူ့ယောက်ျားကလည်းအသက်ကြီးပြီ နာတာရှည်ရောဂါသည်လေ။သားသမီးသုံးယောက်ရှိတာ ကျောင်းနေအရွယ်ကလေးတစ်ယောက်တော့ ကျန်ခဲ့တယ်” ဟု တင်သားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် တစ်ရက်လျှင် ၁၀ ကြိမ်ထက်မနည်း နေ့စဥ်လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိပြီး နိုဝင်ဘာ ၂၈ ရက်နေ့တွင်လည်းတင်သားရွာကို ထပ်မံပစ်ခတ်ခဲ့ရာအသက်၃၃နှစ်အရွယ် တင်သားဒေသခံ ဦးအောင်ဌေးလင်းကို ထိမှန်ကာ ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာဖြင့်သေဆုံးကာ ၄င်း၏မိခင်အသက်၅၅နှစ်အရွယ်ဒေါ်ဝိုင်းခင်ကိုလည်းထိမှန်၍ လက်နှစ်ဖက်ပြတ်သွားကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးဆေးတပ်ဖွဲ့ဝင်များက ကုသပေးလျက်ရှိကာ စိုးရိမ်ရ အခြေနေဖြစ်နေကြောင်းသိရသည်။
“အောင်ဌေးလင်းမှာက ငါးနှစ်အရွယ်ကလေး တစ်ယောက်ကျန်ခဲ့တယ်၊ အဲ့ကလေးလည်း ဒဏ်ရာတွေရထားပြီး အခုတော့ဆေးကုသပေးနေပါတယ်။ မစိုးရိမ်ရဘူးလို့တော့ပြောတာပဲ။ ထိတာတော့ အရပ်သားတွေချည်းပဲ။ ရှစ်ယောက်လောက်ရှိမယ်။ နေ့တိုင်းကို တစ်ရက် ၁၀ကြိမ်မကကိုထုနေတာ။ အများစုကတော့ ရွာပြင်လယ်ကွင်းထဲကျတာ များတယ်။ ရွာသားတွေလည်း ဘယ်သူမှ လယ်ထဲမဆင်းရဲကြတာ ကြာပါပြီ။အညှိုးတကြီးနဲ့ကို လုပ်နေတာ။PDF တွေကိုမနိုင်တော့လက်နက်မဲ့ပြည်သူတွေချည်း လှိမ့်ထုနေတော့တာ” ဟုဒေသခံတစ်ဦးက ပြောသည်။
တင်သားကျေးရွာသည် အိမ်ခြေ ၉၀၀ခန့်ရှိသည့်အုပ်စုကျေးရွာကြီးဖြစ်ကာ ကလေးမြို့နယ် အရှေ့တောင်ပိုင်းအစွန်ဆုံးပိုင်းတွင်တည်ရှိ၍ လယ်ယာလုပ်ငန်းနှင့်အဓိကအသက်မွေးကြသောဒေသတစ်ခုဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှု၊လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် အိမ်ခြေ ၅၀၀ကျော် ပျက်စီးဆုံးရှုံးကာ ၂၀၂၂ မေလအထိ ဒေသခံ ၇၀၀၀ကျော် စစ်ဘေးရှောင်ခဲ့ရသော စစ်ဒဏ်ခံ ဒေသတစ်ခုလည်းဖြစ်သည်။
ပုံစာ – စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်
မှုကြောင့် ထိခိုက်ထားသည့်တင်သားဒေသခံများ
#စစ်ကိုင်းတိုင်း #ကလေးမြိုန့ယ်တောင်ပိုင်း
#တင်သားအုပ်စု #စစ်ကာင်စီ #လက်နက်ကြီးပစ်ခတ် #အရပ်သားသေဆုံး #Ayeyarwaddy_Times