ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သောသွေးကို သွေးပွဲစားများမှ အရောင်းအဝယ် ပြုလုပ်နေပြီး သွေးလိုအပ်နေသော လူနာများကို ရောင်းချနေကြကြောင်း ဟင်္သာတမြို့ခံများ ထံက သိရသည်။
ထိုသို့ သွေးပွဲစားများက သွေး ဝယ်ရောင်းပြုလုပ်နေခြင်းကြောင့် သွေးအလှူရှင်များ နေ့စဥ်လိုအပ်နေပြီး လှူဒါန်းမည့်သူနည်းပါနေကြောင်း မြို့ခံများထံက သိရသည်။
“သွေးလိုတာလည်းမပြောနဲ့ ငှက်ဖျားလည်းသွေးသွင်း သွေးလွန်တုတ်ကွေးလည်းသွေးသွင်း ကုရတာ။ ဟင်္သာတဆေးရုံမှာတက်ဖူးတဲ့လူတိုင်း မေးကြည့်ကြပါ။ လူနာတွေအပေါ်ဆက်ဆံတာ အရမ်းဆိုးရွားတယ်။ ပြီးတော့ လူအသက်တွေနဲ့ စီးပွားရေးလုပ်နေကြတာ လာကြည့်ရင်သိလိမ့်မယ် “ဟု ဟင်္သာတမြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သွေးသွင်းကုသရန် လိုအပ်သော လူနာများအား လိုအပ်သောသွေးအမျိုးအစားသည် ဆေးရုံတွင်ရှိနေသော်လည်း လူနာများအားထုတ်ပေးခြင်းမရှိဘဲ ပွဲစားများနှင့်ပေါင်းကာ စျေးတင်ရောင်းချနေကြကြောင်းဒေသခံများက ဆိုသည်။
“သွေးကလှူတော့လှူကြပါတယ်။ လိုအပ်တဲ့သွေးကိုလူနာတွေကိုထုတ်မပေးဘဲ သိမ်းထားပြီးတော့ လူနာတွေကိုရောင်းစားနေတာ။ ဟင်္သာတက လူတွေကအဲ့လောက်ထိစေတနာမမွဲဘူး။ ဘာသွေးလိုလည်းလူနာထဲချက်ချင်းဖောက်ထည့်ပေးရင်လှူမယ်။ ပိုက်ဆံတစ်ပြားမှမယူဘူး။ ငါတို့က ကုသိုလ်ပဲလိုချင်တာ ဆေးရုံကဟာတွေက အကုသိုလ်လုပ်ပစ်နေတာ “ဟု ဟင်္သာတမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဟင်္သာတဆေးရုံရှိသွေးဌာန နှင့် ကယ်ရီသမား သွေးပွဲစားများပေါင်းကာ လူနာများလိုအပ်သောသွေးကို ၁၅,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး ၄င်း တို့၏ လုပ်ရပ်များကြောင့် မြို့ခံများက သွေးလှူမှု နည်းပါလာကြောင်း ဒေသခံများထံမှသိရသည်။
#ဟင်္သာတဆေးရုံကြီး #သွေးလှူရှင် #လိုအပ်နေ #သွေးပွဲစားများ #လှူဒါန်းမည့်သူနည်းပါနေ #Ayeyarwaddy_Times