ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊နိုဝင်ဘာ ၂၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ကျောက်မဲတောင်ရဲစခန်း ကိုဝင်ရောက် စီးနင်းပစ်ခန့်မှုတွင် စစ်ကောင်စီတပ်သား လေး ဦး သေဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရရှိ သွားကြောင်း Dawei Defense Team – DDT တပ်ဖွဲ့ ထံကသိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်ခန်က အရှေ့တောနယ်က ကျောက်မဲတောင် ရဲစခန်းကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေး ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်မဲတောင် ရဲစခန်းကို အပြီးတိုင်သိမ်းပိုက်ပို့ အဓိက ဝင်ချတာပါ။ တိုက်ပွဲက ၇ နာရီ လောက်ကြာသွားတယ်။ ကျွန်တော်တို့ ဖက်က စစ်ကူလာဖို့ အခက်အခဲ ရှိတာရယ်။ ကျည်ဆံမလောက်တော့တာရယ်ကြောင့် စခန်းကိုမသိမ်းနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာ လာခဲ့ရတယ် ” ဟု Dawei Defense Team – DDT မှ ပြန်ကြား ရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကျောက်မဲတောင် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် ကျောက်မဲတောင် ရဲစခန်းက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က ရမ်းသန်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် တောင်သုံးလုံးရွာရှိ နေအိမ် တစ်လုံး ပေါ်သို့ကျရောက်ခဲ့ပြီး ကလေးတစ်ဦးနဲ့ မိခင်ဖြစ်သူသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်ကလက်နက်ကြီး တွေ နဲ့ ရမ်းသန်းပြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ရွာအနီးအနားကို တောက်လျှောက်လာကျတယ်။ နေအိမ် တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲသွားလို့ ကလေးနဲ့မိခင်ပါ သေသွားတယ်” ဟုတောင်သုံးလုံး ရွာခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကျောက်မဲတောင် ရဲစခန်း စီးနင်းပစ်ခတ်တိုက်ခိုက်မှုကို Dawei Defense Team -DDT ၊ထားဝယ်စုပေါင်း စစ်ကြောင်း (DCC) ၊ ဥသြစစ်ကြောင်း၊ဒေါင်းညီနောင် စစ်ကြောင်း၊ ဒေါင်းမင်းစစ်ဆင်ရေး၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါး တပ်ခွဲ (၂)၊ ထားဝယ်လူငယ်လက်ရုံးတပ်၊ KawThoolei Army (KTLA)နှင့် သံမဏိ ပြောက်ကျား တပ်ဖွဲ့တို့မှ မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပုံစာ- ကျောက်မဲတောင် ရဲစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့စဥ်
#ကျောက်မဲတောင်ရဲစခန်း #တော်လှန်ရေးတပ်ဖွဲ့များ #စီးနင်းပစ်ခတ်မှု #စစ်ကောင်စီ တပ်သား၄ဦးသေဆုံး #စစ်ကောင်စီတပ် #လက်နက်ကြီးထိမှန် #ကလေးနှင့်မိခင်သေဆုံး #Ayeyarwaddy_Times