
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာ ၂၉ ရက်
ကရင်နီပြည်နယ်အတွင်း လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် အပါအဝင် Non CDM ဝန်ထမ်း ငါး ဦးနှင့် မိသားစုဝင်များကို အမှုဖွင့်တရားစွဲထားပြီး ကျန်ဝန်ထမ်း ၁၉၃ ဦးကို ခံဝန် ကတိရေးထိုးစေ၍ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် အဓိကတာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်း ငါးဦးနှင့် မိသားစုဝင်များကို ကရင်နီပြည် ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာတရားရေးဌာနသို့လွှဲပြောင်းပေးပြီး ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“Non CDM ကိစ္စကိုကိုင်တွယ်တဲ့နေရာမှာ ပြည်ထဲရေးဌာနကနေ လုံခြုံရေးကိစ္စတွေ၊ စုံစမ်း စစ်ဆေးတာတွေလုပ်ပြီး ရလာတဲ့အချက်တွေကို တရားရေးကိုတင်ပြရတယ်။ အဲ့ဒီကနေ ဒီဝန်ထမ်းတွေကို ကတိခံဝန်ချက်နဲ့ပြန်လွှတ်ရခြင်းဖြစ်တယ်။ အခြားတစ်ဖက်မှာကလည်း လူအားလုံးကိုကျွန်တော်တို့အနေနဲ့ကျေနပ်အောင်မလုပ်ပေးနိုင်ဘူးပေါ့နော်။ အခုစစ်ဆေးရတဲ့အထဲမှာဆို တစ်ချို့က ဖိအားတွေကြောင့်၊ မိသားစုစားဝတ်နေရေးကြောင့် Non CDM လုပ်ကြရသလို တချို့ကစစ်ကောင်စီအုပ်ချုပ်ရေးအတွက် စိတ်ပါလက်ပါလုပ်ကြတာရှိတယ်။ ဒီအပေါ်ကိုခွဲခြမ်းစိတ်ဖြာပြီး အရေးယူကြတာဖြစ်တဲ့အတွက် အားလုံးကလဲ သဘောကျနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့အနေနဲ့ ကနဦးလဲ သိထားပြီးသားဖြစ်ပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လွိုင်ကော်တက္ကသိုလ်နှင့် စက်မှု၊ လက်မှုသိပ္ပံကျောင်းမှ Non CDM ဝန်ထမ်းနှင့်မိသားစုဝင် ၁၉၇ ဦးကို စစ်ကောင်စီယန္တရားတွင် ပြန်လည်ပါဝင်ခြင်း မပြုစေရန် ကတိခံဝန်ချက်လက်မှတ်ရေးထိုးစေ၍ ကရင်နီပြည်နယ်ပြင်ပသို့ နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
နယ်နှင်ဒဏ်ပေးခံရသည့် Non CDM ဝန်ထမ်းများမှာ ပထမအကြိမ်တွင် ၁၀၇ ဦး၊ ဒုတိယအကြိမ်တွင် ၈၆ ဦး စုစုပေါင်း ၁၉၃ ဦးဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အပြီးသတ် ကရင်နီပြည်နယ်ပြင်ပသို့ နယ်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။
“နောက်ပြီး ဒီအယောက် ၂၀၀ ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ မေးခွန်းပေါ့နော်။ တော်လှန်ရေးမပြီးမချင်းထိန်းသိမ်းရအောင်လည်း သူတို့ကစစ်သုံ့ပန်းမဟုတ်ဘူး။ ဒီအပေါ်မှာအားလုံးကို နားလည်စေချင်ပါတယ်။ သူတို့ကလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးကလည်းမေ့လို့မရဘူးပေါ့နော်။ ဆေးကုဖို့ဆိုလည်း သူတို့ကိုကုသဖို့အတွက် ဆေးဝါးလည်းရှားတယ်။ အကျယ်ချုပ်ထားမလား၊ အချုပ်ထောင်ကိစ္စ ဆိုလည်း သူတို့ကိုစောင့်ရှောက်ဖို့အတွက် လူလိုအပ်လာပြီး။ အဲ့တာကြောင့်တချို့ကိစ္စတွေက အားလုံးသဘောတူပျော်တဲ့အဖြေတော့ပေးလို့ရမှာမဟုတ်ဘူးပေါ့နော်။ အကောင်းဆုံးပုံစံကိုပဲစဉ်းစားပြီး အဆင့်ဆင့်အပြစ်ပေးတဲ့ပုံစံကိုပဲ သွားနေရတာပေါ့နော်” ဟု ဗညားခွန်အောင်က ဆက်လက်ပြောသည်။
ထို့ပြင် စစ်ကောင်စီနှင့်တိုက်ရိုက်ပတ်သက်မှုရှိသည့် တပ်မိသားစုဝင် သုံးဦးကို စစ်ခုံရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင်း ဆက်လက်၍ စစ်ရေးအရှိန်မြင့်လာမည်ဖြစ်သည့်အတွက် စစ်ကောင်စီတပ်သားများ၊ ရဲဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူရပ်တည်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ပူးပေါင်းကြရန်လည်း IEC ကတိုက်တွန်းထားသည်။
ဓာတ်ပုံ – IEC
#ကရင်နီ #NonCDM #နယ်နှင်ဒဏ်ပေး #ပါမောက္ခချုပ်အပါဝန်ထမ်း၅ဦး #တရားစွဲ #အပြစ်ပေးအရေးယူ #IEC #Ayeyarwaddy_Times