ဧရာဝတီတိုင်းမ်
(ရေဇွာ)၊ နိုဝင်ဘာ ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်စုစုပေါင်း လေး ဦးကျဆုံးခဲ့ကြောင်းသိရသည်။

မြို့သိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင် တစ် ဦး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)တပ်ဖွဲ့ဝင် တစ် ဦး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)တပ်ဖွဲ့ဝင် တစ် ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တပ်ဖွဲ့ဝင် တစ် ဦးစုစုပေါင်း လေးဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မနက် ၁၀ နာရီအထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့အချိန် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ပြီး ဗုံး အလုံး ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသေးစိတ်ထပ်မံထုတ်ပြန်ပါလိမ့်မယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)ပြောခွင့်ရဆလိုင်း Denny က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေဇွာမြို့၊ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို အရှင်ဖမ်းမိထားသလို သေဆုံးသူတချို့လည်းရှိနေ​ပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိထားကြောင်းသိရသည်။

CDF-Zotung ၏ ZZLMS Operation တွင် ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုတုန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဆဲန့်ထန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်ရင်း-၂ တို့က ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရေဇွာမြို့သည် ချင်းပြည်နယ်အတွင်း လေးမြို့မြောက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး ရိခေါ်ဒါရ်မြို့၊ ခမ်းပတ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြိို့တို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပုံစာ- ကျဆုံးသွားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ

#ရေဇွာမြို့သိမ်းတိုက်ပွဲ #CNA #ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်၄ဦးကျဆုံး #စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ကျော် #အရှင်ဖမ်းမိ #Ayeyarwaddy_Times