ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်စည်လမ်းကြောင်းများပိတ်ထားခံရသဖြင့် အသက်ရှု လမ်းကြောင်းရောင်ရမ်းခြင်း နာတာရှည် ဖြစ်ပွားမှု ပန်းနာရင်ကျပ်ရောဂါ ( Asthma) အမျိုးအစားအတွက် အဓိကကုသဆေးဖြစ်သော ဗန်တိုလင်ရှူးဆေး ဂေါက်တံမှာ ယခုရက်ပိုင်း အတွင်းသိသာစွာ ဆေးပစ္စည်းပြတ်လပ်သွားကြောင်း သုံးစွဲသူများထံက သိရသည်။
မြန်မာ-တရုတ်နယ်စပ်အပါအဝင် ဆေးဝါးအများဆုံး တင်သွင်းရာ လမ်းကြောင်း ဖြစ်သော မြန်မာ – အိန္ဒိယနယ်စပ် နှင့် မြန်မာ – ဘင်္ဂလားဒ်ရှ်တို့တွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများပိတ်ထားခံရပြီး ပြည်တွင်း၌ နာတာရှည်ရောဂါကုဆေး နှင့် တချို့ ဆေးဝါးများ ပြတ်လပ်နေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။
ရန်ကုန်မြို့အပါအဝင်နယ်မြို့များတွင် ပန်းနာရင်ကျပ်ပျောက်ဆေး Ventolin ရှူဆေး ဂေါက်တံနှင့် စက်အတွင်း ထည့်ရှူရသည့် ဆေးပြတ်လပ်နေပြီး အခြား အမျိုးအစား တူပစ္စည်းများလည်း ရှားပါးနေကြောင်း ဆေးနှင့်ဆက်စပ်နေ သူများထံက သိရသည်။
အဆိုပါဆေးကို ကလေးငယ်များအပါအဝင် ရင်ကျပ်ရောဂါရှိသူလူကြီးအများအပြား သုံးစွဲရခြင်းဖြစ်ပြီး ရင်ကျပ်ချိန်တွင် ချက်ချင်းအသုံးပြုရသော ဆေးဝါး ဖြစ်ကြောင်း သိရသည်။
“ ရှူဆေး Inhaler တွေက asthma လူနာတွေအတွက် အရေးကြီးတဲ့ အဓိက သမှုတစ်ခုပါ။ ဘာကြောင့်လဲဆိုရင် salbutamol ဆေးချင်းအတူတူ ဆေးသောက် လိုက်ရင် ဆေးရဲ့အာနိသင်ရဖို့က နာရီဝက်ခန့်ကြာတတ်တယ်။ အဲဒါကြောင့်မလို့ လက်တလောရင်ကျပ်တဲ့သူတွေအတွက် ဘယ်လိုမှအဆင်မပြေဘူး။ ရှူဆေးကတာ့ ရှူလိုက်ရင်အဆုတ်ထဲတန်းရောက်သွားလို့ ဆေးအာနိသက်ချက်ချင်းရတယ်။ ရှူဆေးက အရေးကြီးတယ်။ စနစ်တကျ သုံးစွဲဖို့လည်းလိုတယ်” ဟု ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စျေးကွက်အတွင်း ဆေးဝါးရှားပါးသည့် ပြဿနာကို ယခု တစ်ကြိမ်နှင့် ဇန်နဝါရီ လပိုင်းတွင် တစ်ကြိမ်ကြုံတွေ့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဈေးကွက်တွင် အိမ်သုံးဆေးများရှိသော်လည်း သွေးကျဆေး၊ ကင်ဆာ ရောဂါဆေး အပါအဝင်ဆေးကုသရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် တချို့ဆေးများမှာ ပြတ်လပ်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးထံက သိရသည်။
“ အခုကတော့ဆေးတွေပြတ်တော့ ဆေးအမျိုးအစားတူပြီးတော့ ကုမ္ပဏီကွဲတာတွေ အဲဒီလိုမျိုးပဲရှာ ဝယ်သုံးရတယ်။ တချို့ကျတော့လည်းဆေးအတုတွေ ဝင်တယ် ပြောတယ်။ မရှိ၊ ရှိတာကိုရှာရင်းနဲ့ ဗန်တိုလင်ကို ပါကစ္စတန်က ဟာဝယ်လာမိတယ်ပေါ့။ အရင်ဝယ်နေကြက အိန္ဒိယထုတ်လို့ပြောတယ်။ ဆေးအတုတွေ ဝင်လာမှာစိုးရိမ်တယ်” ဟု ရန်ကုန်မြို့ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်တရားဝင် ကုမ္ပဏီများမှ ဆေးတင်သွင်းခြင်းနှင့် နယ်စပ်မှတင်သွင်းပြီး အွန်လိုင်း ပေါ်မှရောင်းချမှုများရှိပြီး နယ်စပ်ဘင်္ဂလာဒ့်ရှ်က ဝင်သောဆေးပစ္စည်းများမှာမူ ရခိုင်တိုက်ပွဲများကြောင့် လမ်းများအပိတ်ထားခံရ၍ ဆေးတချို့ပြတ်လပ်နေကြောင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချသူတစ်ဦးထံက သိရသည်။
စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလအတွင်း ဒေါ်လာသုံးစွဲမှုတင်းကျပ်ခြင်းနှင့် လိုင်စင်ချပေးမှုကြန့်ကြာခြင်းအပါအဝင် ကုန်ပစ္စည်း လိုအပ်သလောက်အရေအတွက် တင်သွင်းရန် ခွင့်ပြုမိန့်မရရှိခြင်းတို့ကြောင့် ဆေးနှင့်ဆေးပစ္စည်းရှားပါးမှုမှာ တစ်ခု မဟုတ် တစ်ခုအမြဲကြုံတွေနေရကြောင်း ဆေးဈေး အကွက်အတွင်းမှ စုံစမ်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း #အပိတ်ခံရ #နာတာရှည်ကုသဆေး #ပန်းနာ ရင်ကျပ် #ဗန်တိုလင်ရှူဆေးဂေါက်တံ #ပြတ်လပ် #Ayeyarwaddy_Times