နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၉ ရက်

ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စခန်းမှ စစ်ကောင်စီတပ်သားအများအပြား လက်နက်နှင့် အတူ ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် စစ်ကောင်စီတပ်က အပူတပြင်း လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ သန်လျင်ရေတပ်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူများကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ ၎င်းတို့မိသားစုဝင်များ နေထိုင်ရာနေရာများတွင် ရှာဖွေမှု များ ပြုလုပ်နေကြောင်း ဒေသခံများ ထံကသိရသည်။

“ကလေးတွေက ထွက်ပြေးသွားတာလား၊ ရှေ့တန်းပဲထွက်သွားတာလားဆိုတာမသိရဘူး။ အခုရက်ပိုင်းကြမှ အိမ်ကို စစ်တပ်ကလာရှာနေတာ။ အုပ်စုလိုက်ပဲ ဘာအကြောင်းမှ​ပြောတာမျိုးမရှိဘူး။ အိမ်ထဲကလူတွေကိုရှာဖွေတာတွေလုပ်တယ်။ သူတို့လုပ်မှပဲ ကိုယ့်သားသမီးတွေ စစ်တပ်ထဲမှာ မရှိတော့ဘူးလား၊ ရှိသေးလား စိုးရိမ်နေရပြီ။ အဆက်အသွယ် မရတာလည်း ငါးလလောက်ရှိပြီဆိုတော့ ပိုပြီးစိုးရိမ်တာပေါ့” ဟု စစ်ကောင်စီတပ် မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က သန်လျင်ရေတပ်စခန်းမှနေ၍ လက်နက်အချို့နှင့် အတူ ထွက်ပြေးလွတ်မြောက်သွားသူများရှိသလို ခွင့်ဖြင့်နေရပ်သို့ ပြန်သွားသည့် စစ်ကောင်စီတပ်သားအများစုသည်လည်း ရေတပ်ဌာနချုပ်သို့ ပြန်လည်လာရောက်ခြင်း မရှိတော့ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီတပ်အရာရှိ)တွေက ခွင့်မဲ့ဖြစ်တာတို့ ရှေ့တန်းမှာ တိုက်ပွဲကျလို့ သေဆုံးတာတို့တောင် အရင်လို မိသားစုဝင်တွေကို အသိပေးတာမဟုတ်ဘဲ ကလေးတွေရဲ့ လစာကိုထုတ်စားနေကြတာလေ။ အခုကြမှ အသဲအသန် လိုက်ရှာနေ တာဆိုတော့ လက်နက်တွေနဲ့ ထွက်ပြေးတဲ့အထဲမှာ ပါများသွားတာလားလို့စိုးရိမ်နေရတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်း၊ မြို့နယ်များရှိ လူနေရပ်ကွက်များ၌ ညသန်းခေါင် ကျော်တွင် ဧည့်စာရင်း စစ်ဆေးခြင်းများ နှင့် လူပျောက်ရှာတာခြင်းများကို လုပ်ဆောင် နေကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများ ထံကသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ ညပိုင်းကလည်း မအူပင်မြို့ အမှတ် (၆) ရပ်ကွက်တွင် လူပျောက်ရှာသည့် ပုံစံဖြင့် မသင်္ကာသည့် အိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်သွားကြောင်းဒေသခံများ ထံကသိရသည်။

ပုံစာ- လူနေအိမ်များတွင် စစ်ကောင်စီက ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေစဉ် (ပုံဟောင်း)

#သံလျင်ရေတပ်စခန်း #ထွက်ပြေးလွတ်မြောက်သွား #စစ်သားများ #စစ်ကောင်စီတပ် #အပူတပြင်းရှာဖွေနေ #Ayeyarwaddy_Times