ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၉ ရက်
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ပြန်ကြားရေး၀န်ကြီးဟောင်းဦးရဲထွဋ်ကို စစ်ကောင်စီ က ယနေ့ နံနက်ပိုင်းတွင် ပုဒ်မ ၁၂၄(ဃ)နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် ပုဒ်မနှစ်ခု အတွက် ထောင်ဒဏ် ၁၀ နှစ်ချ မှတ်လိုက်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးနှင့်နီးစပ်သူထံက သိရသည်။
၎င်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က) ပုဒ်မအတွက် သုံး နှစ်၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း ပုဒ်မ ၁၂၄(ဃ)အတွက် ခုနစ် နှစ် တို့ဖြင့်စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က လူမှုကွန်ရက်တွင် ပြည်သူလူထုထိတ်လန့်စေရန်ကြံရွယ်ပြီး သတင်းမှားများဖြန့်ဝေခြင်း၊ အစိုးရ၀န် ထမ်းများ ပြစ်မှုကျူးလွန်လာစေရန် ရည်ရွယ်လှုံ့ဆော် ရေးသားခြင်းများ ပြုလုပ်သည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး အလုံရဲခစန်းမှ ၎င်း၏ နေအိမ်ကို လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် စစ်တပ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့် အထိတာဝန်ယူခဲ့ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းဖြစ်သည်။ သမ္မတဟောင်းဦးသိန်စိန်၏ ပြောရေးဆိုခွင့် ရှိသူအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး NLD အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၉ အထိစင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute တွင် အကြီးတန်းသုတေသန လုပ်ဖော်ကိုင်ဖက်အဖြစ် သွားရောက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
လက်ရှိ စစ်ကောင်စီတွင် တာဝန်ယူထားသည့် စစ်ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့သည် ဦးရဲထွဋ်နှင့်အတူတူ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်းသူများဖြစ်သည်။
ပုံစာ-ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်
#စစ်ကောင်စီ #သမ္မတဟောင်းဦးသိန်းစိန် #ပြန်ကြားရေး၀န်ကြီးဟောင်းဦးရဲထွဋ် #ထောင်၁၀နှစ်ချမှတ်ခံရ #Ayeyarwaddy_Times