
ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၉ ရက်
ရှမ်းမြောက်၊ ကျောက်မဲအထွက် တိုးဂိတ်တွင် နို၀င်ဘာ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၇၉ မှ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကို ပစ်ခတ် ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်း-၆၉ ၏ တပ်ရင်းမှူးကို အရှင်ဖမ်းဆီးရမိကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်ထားသည်။
တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) ပူးပေါင်းတပ်သည် ကျောက်မဲစစ်ဆေးရေးဂိတ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးကို ပစ်ခတ်ချေမှုန်း နိုင်ခဲ့ ကြောင်း သိရသည်။
မိုင်းခုတ်တပ်နယ်ရှိ ခြေမြန်တပ်ရင်း (ခမရ ၅၇၉) သည် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၁၄ ၏ လက် အောက်ခံတပ်ရင်းတစ်ခုဖြစ်သည်။
တိုက်ခိုက်ခံရသည့် အဆိုပါစစ်ကောင်စီတပ်သည် အင်အား ၁၀၀ နီးပါးရှိပြီး ကျင်သီ တံတားမှ ဆုတ်ခွာကာ ကျောက်မဲအထွက် တိုးဂိတ်တွင်လာရောက် တပ်စွဲထားသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
TNLA နှင့် MNDAA တို့၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် သားများသည့် အလောင်းအချို့ကို ကောက်ယူနိုင်ခြင်း မရှိဘဲ ကျောက်မဲ (၅၀၂) တပ်ရင်းအတွင်းသို့ ဆုတ်ခွာ သွားပြီး မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းမြောက်ရှိ ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ရှောက်ပတ်အိုင်ဘက်သို့ ထွက်ပြေးလာသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁၆) လက်အောက်ခံ တပ်ရင်း-၆၉ ၏ တပ်ရင်းမှူးကို အရှင်ဖမ်းဆီးရရှိခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- MNDAA
#ရှမ်းမြောက် #ကျောက်မဲတိုးဂိတ်တိုက်ပွဲ #ခမရ၅၇၉တပ်ရင်းမှူးသေဆုံး #တပ်ရင်း၆၉တပ်ရင်းမှူး #အရှင်ဖမ်းဆီးရမိ #MNDAA #Ayeyarwaddy_Times