နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၉ရက်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ တရုတ်နိုင်ငံသားပိုင်ဆိုင်သည့် ချည်ထိုးပန်းထိုးစက်ရုံမှ စစ်ကောင်စီတပ်လုယူသွားသည့် စက်ရုံလုပ်သားများ၏ ကထိန် ပဒေသာပင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
စစ်ကောင်တပ်သည် ၎င်းတို့ လုယူသွားသည့် ပဒေသာပင်များကို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြန်လည်အပ်နှံခဲ့ပြီး ကျပ်ငွေ ငါးသိန်းကို ပြန်တောင်းယူသွားကြောင်း ဒေသခံများထံက သိရသည်။
“ပြန်လာပေးသွားပြီး ငါးသိန်းတော့ ပြန်တောင်းသွားတယ်။ လုယူပြီးသား ပဒေသာပင် တွေကို ဘာကြောင့်ပြန်လာပေးလဲတော့မသိဘူး။ ပဒေသာပင်တွေ သိမ်းတာက ရပ်ကွက်အတွင်း လှည့်တဲ့အချိန်မှာ လက်သုံးချောင်းထောင်တာတွေရှိလို့ သိမ်းတာဆိုပြီး အကြောင်းပြသွားတာပဲ” ဟု စက်ရုံနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သားများနှင့် ရဲများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က ကထိန် ပဒေသာပင် လှည့်လည်ရန်အတွက် စက်ရုံ အလုပ်သမားများ၏ ငွေများစုကာ ရပ်ကွက်အတွင်း လှည့်လည်နေချိန်တွင် ကျပ်ငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ငွေသား အများစုဖြင့် ပြုလုပ်ထားသည့် ပဒေသာပင် ငါးခုကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“လက်သုံးချောင်း ထောင်တယ်ဆိုတာလည်း ပဒေသာပင်ရပ်ကွက်ထဲမှာ လှည့်ပြီး အလှုခံတဲ့ အချိန်ဖြစ်ချင်ဖြစ်မှာပေါ့။ အကြောင်းမရှိအကြောင်းရှာပြီး ပဒေသာပင်တွေကို အေးဓားပြတိုက်သွားတာ။ နိုဝင်ဘာလ (၂၈)ရက်နေ့မနက်ပိုင်းမှာ ပြန်လာပေး သွားပေမယ့် ငွေသားအချို့ပါလာမဘူးလို့ သိရတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သည် တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီက မြို့နယ်အချို့နှင့် ကျေးရွာ အချို့မှ ဘုန်းတော်ကြီးကျောင်းများသို့ လှုဒါန်းပေးပို့ရန် စီစဥ်ထားသည့် ပဒေသာပင်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းစီးလုယက်မှုများ ရှိသော်လည်း ခြိမ်းခြောက်မှုများပြုလုပ်၍ ဖုံးဖိထားကြောင်း ဒေသသတင်းရင်းမြစ်များ ထံက သိရသည်။
ဓာတ်ပုံ-(ပုံဟောင်းပြန်လည်အသုံးပြုထားသည်)
#လှိုင်သာယာမြို့ #ချည်ထိုးပန်းထိုးစက်ရုံ #ကထိန်ပဒေသာပင်များ #စစ်ကောင်စီတပ် #ပြန်လည်အပ်နှံ #ကျပ်ငွေ၅သိန်းတောင်းယူ #Ayeyarwaddy_Times