ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာ ၂၉ ရက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပထမဆုံးအနေဖြင့် ကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခဲ့သည့် ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေး ကောင်စီ (IEC)၏ လုပ်ငန်းစဉ်တချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် တစ်စိတ် တစ်ပိုင်း ပူးပေါင်းပါဝင်နေပြီး အဓိကအားဖြင့် စီမံဘဏ္ဍာချိတ်ဆက်မှု အပိုင်းတွင် ပိုမို အားကောင်းစွာဖြင့် ပူးပေါင်း‌ဆောင်ရွက် နေကြောင်း သိရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)သည် ပြည်နယ်အစိုးရ တစ်ရပ် အနေဖြင့် ပြည်နယ်ရေးရာဌာန ၁၂ ခုထားရှိရန်ရည်ရွယ်ထားပြီး ယခုအခါ ပြည်ထဲရေးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ အခွန်ဘဏ္ဍာစီမံဌာန၊ အမျိုးသမီးနှင့်ကလေးရေးရာဌာန ဟူ၍ ဌာန ခြောက်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် IEC ၏ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင် ဆောင်ရွက် သည်ထက် ဘဏ္ဍာ‌ရေးဆိုင်ရာချိတ်ဆက်မှုများ၊ လူသားချင်းစာနာထောက်မှုနှင့် ပြန်လည် ထူထောင်ရေးဌာနနှင့် ချိတ်ဆက်မှုများ၊ ကျန်းမာရေး၊ ပညာရေးဌာနများနှင့် ချိတ်ဆက်မှု များရှိကာ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ IEC ကိုစတင်ဖွဲ့စည်းတဲ့ အချိန်မှာလည်း NUG က ယာယီသမ္မတ ကိုယ်တိုင်တက်ရောက်ချီးမြှင့်တယ်။ လောလောဆယ်ကတော့ စီမံဘဏ္ဍာ ချိတ်ဆက် မှုတွေမှာ ချိတ်ဆက်မှုအရမ်းအားကောင်းတယ်။ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ပြန်လည်ထူထောင်ရေးဌာနတွေမှာလည်း ချိတ်ဆက်မှုအားကောင်းတယ်။ ကျန်းမာရေး ပညာရေးပေါ့နော် စသဖြင့် ချိတ်ဆက်မှုတွေရှိပါတယ် သွားလည်းသွားနေကြပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြည်ထောင်စုနှင့် ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မရှင် (FFCC) ကိုဖွဲ့စည်းထား ပြီး အ‌ဆိုပါကော်မရှင်တွင် NUG မှ ယာယီသမ္မတနှင့် ဝန်ကြီးချုပ်၊ IEC မှ ဥက္ကဋ္ဌ နှင့် ဒု-ဥက္ကဋ္ဌ၊ KSCC မှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တို့ပါဝင်လျှက်ရှိကြောင်း သိရသည်။

၎င်းတို့သည် နောက်ဆုံးမူဝါဒဆိုင်ရာ အဆုံးအဖြတ်ကိုပေးရာတွင် ပါဝင်နေပြီး ထိုမှတဆင့် ဒုတိယ FFCC အဖွဲ့တွင် NUG၊ IEC၊ KSCC တို့မှ အတွင်းရေးမှူး အဖွဲ့များပါဝင်ကာ လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“NUGနဲ့ က‌ အဆင့် သုံး ဆင့်ပေါ့နော် IECနဲ့ ချိတ်ဆက်ပြီးတော့မှ လုပ်နေတာဖြစ်ပါတယ်။ နောက်ဆုံးမူဝါဒဆိုင်ရာ အဆုံးဖြတ်ကြီးကိုပေးတဲ့အချိန်မှာ ပါ၀င်ပတ်သက်နေတဲ့ FFCC အဖွဲ့ ရှိပါတယ်။ ပြီးတော့မှ ဒုတိယ FFCC အဖွဲ့မှာ လုပ်ငန်းတွေ ချိတ်ဆက် ညှိုနှိုင်းတာတွေလုပ်ဆောင်တဲ့ အတွင်းရေးမှူးအဖွဲ့ရှိပါတယ်။ အဲ့ဒီအတွင်းရေးမှူးအဖွဲ့တွေ ကနေ နောက်ဆုံးတစ်ဆင့်ကတော့ ဌာနအလိုက်ပါ။ ဌာနအလိုက်က ချိတ်ဆက်မှု ပြန်လုပ်ပြီးမှ လုပ်ငန်းအရ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တယ်။ လုပ်ငန်းအရလိုအပ်တဲ့ တွေ့ဆုံညှိနှိုင်း အစီအစဉ်(Plan)တွေရေးဆွဲပြီးတော့မှ အကောင်ထည်ဖော်တာရှိပါတယ်။ ” ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဆက်လက်ပြောသည်။

ထို့ပြင် NUG အစိုးရအနေဖြင့် ကရင်နီပြည်နယ်အတွင်း IEC နှင့် ဘဏ္ဍာငွေမျှ ဝေသုံးစွဲမှုများရှိနေပြီး NUG လက်အောက်ခံ PDF၊ KA၊ KNDF တို့မှာ စစ်ရေးအတူတကွဖော်ဆောင်မှုများရှိကာ စစ်လက်နက် ထောက်ပံ့ရေးပစ္စည်းများကို မျှဝေသုံးစွဲမှုရှိကြောင်း Frontier Myanmar ကို IEC ဒု-ဥက္ကဌ ခွန်ဘီထူး၏ ဖြေကြားချက်အရ သိရသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) သည် စစ်တပ်ကအာဏာသိမ်းပြီး နောက် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) လက်အောက်တွင်ရှိပြီး KSCC ၏ နိုင်ငံရေးလမ်းညွှန်မှုဖြင့် ပြည်နယ်အစိုးရ တစ်ရပ်အနေအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

#ကရင်နီ #NUG #IEC #KSCC #ကြားကာလအုပ်ချုပ်ရေး #NUGပူးပေါင်းပါဝင် #Ayeyarwaddy_Times