ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၈ ရက်

မွန်ပြည်နယ်၊ ကျိုက်မရော၊ ချောင်းနှစ်ခွစစ်ကောင်စီ တပ်စခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်၏ ခမရ-၅၅၇ မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး မျိုးကိုကို၀င်း ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

အဆိုပါချောင်းနှစ်ခွ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော ကာကွယ်ရေး တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တနင်္သာရီတိုင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ- ၅၅၇ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးကိုကို၀င်း သေဆုံးသွား ခြင်းဖြစ်ကြောင်း စစ်ရေးသတင်း‌ရင်းမြစ်ထံက သိရသည်။

“သူက ၂၆ ရက်ကတည်းက ဒရုန်းဗုံးကြောင့် ဒဏ်ရာ ရထားတာ။ ခံပစ်နေတာ။ မနေ့က တော့ပေါင်ကို စနိုက်ဘာထိပြီး သေတာ။ အရင်ကတည်းက သွေးထွက်လွန်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးကိုကို၀င်းဦးဆောင်သည့် တပ်ဖွဲ့ကို စစ်ကောင်စီက ယခု နို၀င်ဘာ လလယ်ပိုင်းတွင် လေယာဉ်ဖြင့် ချောင်းနှစ်ခွစခန်းသို့ လာရောက်ပို့ ဆောင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ နို၀င်ဘာ ၂၇ ရက်နေ့ တွင် KNLA ၏ စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးသွား ခဲ့ခြင်းဖြစ်‌သည်ဟု သိရသည်။

ချောင်းနှစ်ခွစခန်း မကျရေးအတွက် အသေခံခုခံတိုက်ခိုက်ခဲ့သည့် တပ်ရင်းမှူးကို စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးရာထူးတိုးမြှင့်ပေးပြီး သီဟသူရဘွဲ့ချီးမြှင့်ပေးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

၎င်းသည် ၂၀၂၂ ခုနှစ်ကလည်း KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခမရ ၄၃၂ ၏ တပ်ရင်းမှူးအဖြစ် တာ၀န်ထမ်းဆောင်ရင်း ဒရုန်းဗုံးထိမှန်ကာ ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းနောက် ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှူးအဖြစ်မှ ပြောင်းရွှေ့ခံရ ပြီးနောက် ယခု ခမရ-၅၅၇ တပ်ရင်းအဖြစ်လုပ်ကိုင်းရင်း စနိုက်ဘာကျည်ထိမှန်၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၁၃ ရက်‌ကလည်း ချောင်းနှစ်ခွတံတားစခန်းသို့ စစ်ကူလာသည့် တပ်မ ၂၂ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ချအညံ့ခံသည့် စစ်သား ၂၃ ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါတိုက်ပွဲတွင်လည်း တပ်ရင်းမှူးနှင့် အရာရှိတစ်ဦးအပါအ၀င် ၁၄ ဦးသေဆုံးခဲ့သည်။

#မွန် #ကျိုက်မရော #ချောင်းနှစ်ခွ #စစ်ကောင်စီစခန်း #KNLAပူးပေါင်းအဖွဲ့တိုက်ခိုက် #တပ်ရင်းမှူးသေဆုံး #သီဟသူရဘွဲ့ပေး #Ayeyarwaddy_Times