
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
ချင်းပြည်နယ်၊ မတူပီခရိုင် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲတွင် စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသည် အိန္ဒိယနိုင်ငံ၊ ဆိုက်ဟားမြို့နယ် Laki ရွာ နယ်စပ်စခန်းသို့ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။
စခန်းစွန့်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် ဗိုလ်ကြီးရန်နိုင်စိုး ပါဝင်ပြီး တိုက်ပွဲမဖြစ်ခင်ကတည်းက Laki ကျေးရွာရှိ အိန္ဒိယ စစ်သားများနှင့် အဆက်အသွယ်ပြုလုပ်ထားပြီး ၎င်း၏ ဇနီးကိုလည်း အဆိုပါ ကျေးရွာသို့ ပို့ဆောင် ထားခြင်းဖြသ်ကြောင်း Laki ကျေးရွာရှိ ဒေသခံ ထံက သိရသည်။
“မနေ့က အိန္ဒိယ စံတော်ချိန် နံနက် ၃ နာရီလောက်က ရောက်လာတာပါ။ ကျွန်တော်တို့ရွာက အိန္ဒိယစစ်သားတွေနဲ့ အဆက်သွယ်ကြိုလုပ်ထားပြီး သွားကြိုတာ ဖြစ်ပါတယ်။ မြန်မာပြည်ဘက်က စစ်သား ၃၁ ယောက် ဗိုလ်ကြီး တစ်ယောက်လည်း ပါတယ်။ သူမိန်းမက မတူပီဇာတိ ချင်းမ ဖြစ်တယ်။ သူ့မိန်းမက တိုက်ပွဲ မဖြစ်ခင် ကတည်းက ဒီကို ရောက်တာကြာပြီ” ဟု Laki ကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လိုင်လင်ပီမြို့၊ Mala ကျေးရွာနေ ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ လမ်းပြဖြင့်ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အိန္ဒိယနိုင်ငံသို့ ၃ ရက်အကြာတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
လိုင်လင်းပီမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၁၀ နာရီခန့်မှစ၍ တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက်နေ့တွင် စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားထွက်ပြေးသွားခြင်း ဖြစ်သည်။
ပုံ- Liki ကျေးရွာ
#ချင်းပြည် #မတူပီ #လိုင်လင်းပီ #စခန်းသိမ်း #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #အိန္ဒိယသို့ #ထွက်ပြေး #Ayeyarwaddy_Times