
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်
အာဏာသိမ်း စစ်ကောင်စီသည် တရုတ်အလိုကျ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နေ့စဉ်လိုလို ဖမ်းဆီးပြနေသော်လည်း တရုတ်ဘက်ကမူ လူပုဂ္ဂိုလ်များအပြင် ငွေကြေးများကိုပါ လွှဲပြောင်းအပ်နှံရန် တောင်းဆိုလာကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များနှင့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာဘဏ်များထံ အပ်နှံထားသည့် ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရှိနေနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ခန့်မှန်းပြောဆိုသည်။
“တရုတ်အစိုးရဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖမ်းမိတဲ့လူတွေကို ပြန်ပို့ပေးဖို့လည်း တောင်းဆိုတယ်။ အဲ့လူတွေက မြန်မာပြည်ကဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေပါ ပြန်ထုတ်ပေးဖို့ တရုတ်ဘက်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရာပြည့်ဆီမှာ တောင်းဆိုထားတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပိုမိုဖမ်းဆီးလာသော စစ်ကောင်စီက “ဝ” နှင့် မိုင်းလားသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ကိုးကန့်ဒေသသာလျှင် ရှိနေသည့်အတွက် ဖမ်းဆီးရမိသူများကို တရုတ်ဘက်သို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ပြောဆိုထားသည်။
ထို့အပြင် “ဝ” နှင့် မိုင်းလားဒေသသည် တရုတ်အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ငွေကြေးပမာဏ မည်မျှရှိသည်ကို မသိရကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သတင်းဌာနဖြစ်သည့် Phoenix News နှင့် အောက်တိုဘာ ၂၃ ရက်က အင်တာဗျုးတွင် ထည့်သွင်းဖြေဆိုခဲ့သည်။
“Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေ ဘယ်ရောက်နေလဲဆိုရင် “ဝ” နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီ ဘယ်လောက်ရှိလဲဆိုတာ ဖူအာနဲ့ ကူမင်းမှာရှိတဲ့ ပြည်သူတွေကိုမေးကြည့်ရင် ပေါ်လာပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။
လက်ရှိတွင် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၈၃၁၂ ဦးနှင့် အမျိုးသမီး ၈၈၂ ဦး စုစုပေါင်း ၉၁၉၄ ဦးတို့ကို ဖမ်းဆီး၍ တရုတ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ လွှဲပြောင်းပေးမှုသည် ယခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဖမ်းဆီးရမိခဲ့သော တရုတ်နိုင်ငံသား အရေအတွက်ဖြစ်ပြီး ၎င်းတို့သည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် မည်သို့မည်ပုံ ပတ်သက်ဆက်နွယ်နေသည်ကိုမူ စစ်ကောင်စီက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ထိုသို့ဖမ်းဆီး လွှဲပြောင်းပေးနေသော်လည်း တရုတ်အစိုးရ၏ ကျေနပ်မှုမရှိခြင်းသည် ပျက်ပြယ်သွားခြင်း မရှိဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်နွယ်သည်ဆိုသော ငွေကြေးပမာဏ ဒေါ်လာဘီလျံ ၄ဝ ခန့်ကိုပါ ပြန်လည်ရယူချင်နေကြောင်း စစ်ကောင်စီ ထောက်ခံသူများ၏ ရေးသားပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ တရုတ်အလိုရှိရာ အကြီးစားစီးပွားရေးလုပ်ငန်းရှင် အများစုကိုမူ ဖမ်းဆီးအပ်နှံခြင်းမရှိဘဲ အခြားနေရာသို့ ပို့ဆောင်သလို အသေးစားနှင့် အလတ်စားလောက်ကိုသာ လိုက်လံဖမ်းဆီး လွှဲပြောင်း ပေးခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“သူတို့(စစ်ကောင်စီ) အပ်နေတာက အသေးစား၊ အလတ်စား လုပ်သူတွေပါပဲ။ အကြီးစားက သူတို့ ကာကွယ်ပေးနေတာ။ ကျားဖြန်ကိစ္စ တိုင်းရင်းသားတပ်တွေနဲ့ ပေါင်းတာလို့ စစ်ကောင်စီဘက်က ပြောတယ်၊ တကယ့်အကြီးစား ပေါင်းလုပ် ပေါင်းစားနေတာက စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နဲ့ စီးပွားရေးသမားတွေပါ” ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ခြင်း၏ ထုတ်ပြန်ချက်တွင် ကျားဖြန့်ဟုခေါ်သော အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ အဓိက အချက်အနေဖြင့် ထည့်သွားပြောဆိုထားပြီး အဆိုပါလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီး၍ တရုတ်ထံ လွှဲပြောင်းပေးနေကြောင်း သိရသည်။
ယင်းဂိုဏ်းများသည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဖြစ်ပွားနေရာမှ စစ်အာဏာသိမ်းနောက် မြန်မာနိုင်ငံသို့ ကူးစက်ရောက်ရှိလာသည်ဟု စစ်ကောင်စီက ပြောဆိုထားသလို လက်ရှိတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ် အပါအဝင် တာချီလိတ်၊ ကိုးကန့်၊ ‘ဝ’ ၊ မိုင်းလား စသည့် နယ်စပ်ဒေသများ တွင်သာမက ရန်ကုန်နှင့် မန္တလေး မြို့ကြီးများထိပါ ပျံ့နှံ့လှုပ်ရှားလာကြောင်း သိရသည်။
“အဲဒီလုပ်ငန်းတွေရဲ့ အကျိုးစီးပွားတွေထဲမှာ စစ်အာဏာပိုင်တွေရဲ့ အကျိုးစီးပွား တွေလည်း ပါနေတဲ့အခါကျတော့ ဘယ်တော့မှ အဲဒီကိစ္စတွေဟာ စစ်ကောင်စီရှိနေသမျှ မြန်မာပြည်မှာ ဖြေရှင်းလို့ရမှာ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် ကျားဖြန့် လုပ်ငန်းတွေ ဖျက်သိမ်းဖို့ဆိုတာက စစ်ကောင်စီကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ အာဏာရလာဖို့လိုတယ်။ အဲဒီအချိန်မှ ဖြေရှင်းလို့ရမယ်လို့ ကျွန်တော် ကတော့ မြင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဂိုဏ်းများနှင့် ပတ်သက်၍ နိုင်ငံတကာတွင် နာမည်ပျက်နေသည့် တရုတ်အစိုးရက ထိုအရာကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းလာသလို စစ်ကောင်စီကိုလည်း ဖိအားများပေးနေပြီး ယခုနှစ် စက်တင်ဘာမှစ၍ နှစ်နိုင်ငံ ပူးပေါင်း တိုက်ဖျက်ရေး လုပ်ဆောင်လာကြောင်း သိရသည်။
ထို့အပြင် တရုတ်ပြည်သူ့လုံခြုံရေးဌာနသည် ပြစ်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုများကို တွန်းအားပေးဆောင်ရွက်ရန်အတွက် တရုတ်-မြန်မာ ရဲဘက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို နိုဝင်ဘာမှစ၍ တစ်ဆင့်တိုး ဆောင်ရွက် နေကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အွန်လိုင်းငွေလိမ်ဂိုဏ်းများ #ပတ်သက်သူများ #ဒေါ်လာဘီလီယံနှင့်ချီငွေကြေး #လွှဲပြောင်းပေးရန် #စစ်ကောင်စီ #တရုတ်တောင်းဆို #Ayeyarwaddy_Times