ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၈ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ၁၀၅ မိုင်ရှိ စစ် ကောင်စီ၏ ဗျူဟာစခန်းကုန်းကို ၂၄ နာရီအတွင်းလက်နက်ချရန် ပြောထားသော်လည်း အညံ့မခံသည့် အတွက် မဟာမိတ်တပ်ဖွဲ့များက နို၀င်ဘာလ ၂၇ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချအညံ့ ခံရန် ကြိုပြောထားသော်လည်း အညံ့မခံသောစခန်းများကို ယခုကဲ့သို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆို သည်။

ထို့အပြင် ပြည်သူလူထုအား လက်နက်ကြီးဖြင့်ပစ်ခတ်သတ်ဖြတ်နေသည့် စစ်စခန်းများကိုလည်း ယခုနည်းတူ တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွား မည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၁၀၅ မိုင်ရှိ စစ်ကောင်စီ၏တပ်စခန်းကုန်း ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ယနေ့ထိဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

အလားတူ မူဆယ်မြို့ စစ်ကောင်စီ၏ နမ့်ပေါတံတား တပ်စခန်းကို TNLA မှ ယမန်နေ့ နို၀င်ဘာ ၂၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့အထွက် တိုးဂိတ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် နို၀င်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီ၀န်းကျင်က ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA က စစ်ကောင်စီ၏ လုံခန်တပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ခလရ ၇၉ မှတပ်ရင်းမှူး သေဆုံးကြောင်း စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။

ဓာတ်ပုံ–ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ရှမ်းမြောက် #မူဆယ် #၁၀၅မိုင် #စစ်ကောင်စီ #ဗျူဟာကုန်း #ညီနောင်မဟာမိတ်
#Ayeyarwaddy_Times