
ဇွဲနိုင် /ဧရာဝတီတိုင်းမ်
(ရေဖြူ) နိုဝင်ဘာ ၂၈ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့၊ တိုတောင်ပေါ်တွင် အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရသည်။
ပလမြို့ တို တောင်ပေါ်တွင် ကတုတ်ကျင်း၊ ဘန်ကာများ ဖြစ်စနစ်တကျတည်ဆောက်ကာ အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁နာရီ၃၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
” တိုတောင်ပေါ် မှာက သူတို့ (စစ်ကောင်စီ) တပ်သားတွေ အခိုင်အမာ တပ်စွဲထားတာ။ အဲ့ဒါကို ကျွန်တော်တို့ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီဖက်က လည်း ကျွန်တော်တို့ ရဲဘော်တွေ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ တည်နေရာကိုမသိဘဲနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ ဖြတ်သန်းသွားလာနေတဲ့ အရပ်သား ပြည်သူတွေကို ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့တာပေါ့။ ကံကောင်းလို့သာ အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် စခန်းတစ်ခုလုံးကို ချေမှုန်း၍ ရနိုင်သော်လည်း စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများထိခိုက်မည်ကို စိုးရိမ်၍ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။
မကြာမီ အချိန်ကာလအတွင်း ပုလော မြိုနယ်တွင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်လာ နိုင်သဖြင့် ပြည်သူတို့အနေဖြင့် စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာ နေထိုင်ခြင်း မပြုလုပ်ကြရန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက တိုက်တွန်းထားသည်။
အဆိုပါ စစ်ကောင်စီတပ်သားများ အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ် များနှင့် မဟာမိတ်များကို ခုခံခြင်းမပြုဘဲ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး CDM ပြုလုပ်လိုပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ ဆက်သွယ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း
#ပလမြို့ #တိုတောင် #အခိုင်အမာတပ်စွဲ #စစ်ကောင်စီစခန်းကုန်း #ဝင်ရောက် တိုက်ခိုက် #စစ်ကောင်စီတပ်သား၁ဦးသေဆုံး #Ayeyarwaddy_Times