ဧရာဝတီတိုင်းမ်
(ဝေါ)၊ နိုဝင်ဘာ ၂၈ ရက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာရှိ သူရဲသူမိန်ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးနှင့် အထက်သေဆုံးခဲ့ပြီး သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲစခန်းဝင်ရောက်တိုက်ခိုက်မှု အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ မျက်မြင်တွေ့ရှိချက် အရ စစ်ကောင်စီတပ်သား နှစ် ဦး၊ ရဲတပ်ဖွဲ့ဝင် လေး ဦးနှင့် ရာအိမ်မှူးဦးစိုးစံအောင်ဆိုသူတို့ သေဆုံးခဲ့ပြီး ၎င်းယူဆောင်လာခဲ့သည့်သေနတ်တစ်လက်(Uzi BA-94) ကိုလည်း သိမ်းဆည်းရမိခဲ့ကာ အတည်မပြုနိုင်သည့် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ ကြောင်း သိရသည်။

“ရန်သူ(စစ်ကောင်စီ)စခန်းက ခြံစည်းရိုးကို အထပ် ငါး ထပ်ကာရံထားတာ‌ကြောင့် စခန်းထဲထိ မဝင်ရောက်နိုင်ခဲ့ဘူး။ ရဲစခန်း အရှေ့ဘက် ဘန်ကာ ထိ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ခမရ-၅၉၈ တပ်ရင်းကိုကလက်နက်ကြီးပစ်ကူပေးနေတာကြောင့် ဒရုန်းနဲ့သွားတိုက်ခိုက်ခဲ့တာ။ ရန်သူ(စစ်ကောင်စီ)ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး‌ တွေက ရဲစခန်းနဲ့ ဘေးကဆေးရုံဝင်းတွေထဲကို ကျခဲ့တာရှိတယ်လို့သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ဆင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ တပ်များနှင့် ဇလုပ်ကြီးကျေးရွာအခြေစိုက် ခမရ-၅၉၈ တပ်ရင်းမှ လက်နက်ကြီး အချက်ရေ-၄၅ ချက်နှင့်မနည်း ပစ်ခတ်ခဲ့ပြီး အရပ်သားထိခိုက်မှုများရှိကြောင်း သိရပြီး အရပ်သား ထိခိုက်မှု အရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံက သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည့် အတွက် တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ခဲ့ရပြီး တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ကူများ ပေးနေသည့် ရွှေကျင်မြို့နယ်ရှိ ဇလုပ်ကြီး ခမရ-၅၉၈ တပ်ရင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ‌စစ်ကောင်စီထောက်ပို့လမ်းကြောင်းကို ဖြတ်‌တောက်သည့်အနေဖြင့် ကျုံချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်

#ဝေါမြို့နယ် #ရွှေကျင် #သူရဲသူမိန်ရဲစခန်း #တော်လှန်ရေးတပ်ဖွဲ့ဝင်၁ဦးကျဆုံး #စစ်ကောင်စီတပ်ဖွဲဝင် #၇ဦးနှင့်အထက်သေဆုံး #လက်နက်ကြီးပစ်ခတ် #ခမရ၅၉၈ #Ayeyarwaddy_Times