
ရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၈ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျင်သီ တံတားမှ ကျောက်မဲမြို့သို့ တိုးဂိတ် သို့ဆုတ်ခွာထွက် ပြေးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသည့် ကျင်သီတံတားကို ပြုပြင်ရန်လာသည့် အင်အား ၁၀၀ ခန့်ပါစစ်ကောင်စီစစ် ကြောင်းကို TNLA က လိုက်လံတိုက်ခိုက်ရာ ကျင်သီ တံတားမှ ဆုတ်ခွာထွက်ပြေးလာသည့် တပ်သားများသည် ကျောက်မဲအထွက် တိုးဂိတ်တွင်တပ်စွဲခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ကျောက်မဲအထွက်တိုးဂိတ်တွင် တပ်စွဲထားသည့် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်း ကို TNLA က ယမန်နေ့ နို၀င်ဘာ ၂၇ ရက်နေ့ ညနေပိုင်းအချိန်တွင် ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကျောက်မဲ Asia World တိုးဂိတ်တွင် ရပ်နားထားသည့် ကုန်တင်ယာဉ် နှစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ဆီဆိုင် တစ်ဆိုင်လည်း မီးလောင်သွားကြောင်း ဒေသခံများထံက သိရသည်။
“စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကုန်ကားတွေအပြင် Asia world ဂိတ် နဲ့ကပ်လျက်ဆီဆိုင် Regency ဆီဆိုင် ပါမီးလောင်သွားတာ။ လက်ရှိလည်းပစ်ခတ်နေကြတုန်းပဲ၊ ညတုန်း ကလည်း စစ်တပ်ကပစ်တဲ့ဗုံးကြောင့် ကျောက်မဲ၊ ရန်ကင်းရပ်ကွက်ထဲက အဘွား တစ်ယောက် ဗုံးသံကြောင့် နှလုံး shock ဖြစ်ပြီးဆုံးသွားတယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တိုးဂိတ်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် သားများသည့် အလောင်းအချို့ကို ကောက်ယူနိုင်ခြင်း မရှိဘဲ ကျောက်မဲ ၅၀၂ တပ်ရင်းအတွင်းသို့ ဆုတ်ခွာသွားပြီး မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်၊ တိုးဂိတ်နှင့် ကုန်တင်ယာဉ်များပေါ်ရှိနေသူများသည် စစ်ကောင်စီ ၀င်ရောက် တပ်စွဲနေထိုင်ကတည်းက ထွက်ပြေးသွားသည့်အတွက် လူထိခိုက်မှုမရှိကြောင်း သိရသည်။
ဓာတ်ပုံ-TNLA
ပုံစာ- ကျောက်မဲမြို့တိုးဂိတ်မြင်ကွင်း
#ရှမ်းမြောက် #ကျင်သီတံတား #စစ်ကောင်စီတပ်သားများ #ကျောက်မဲတိုးဂိတ် #ထပ်မံတိုက်ခိုက်ခံရ #လေယာဉ်ပစ်ကူဗုံးကြဲ #ဆီဆိုင်နှင့်ကုန်တင်ယာဉ်များမီးလောင် #Ayeyarwaddy_Times