ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၂၇ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အုပ်စုကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အလစ်အငိုက်သွားရောက်တိုက်ခိုက်ခဲ့ပြီး ခြံစည်းရိုးနားတွင် ကင်းစောင့် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်း အရင်းအမြစ်ထံက သိရ သည်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်အုပ်စုကို ဆလိုင်း အန်ထော်နီဦးဆောင်သည့် ကွန်မန်ဒိုအဖွဲ့မှ ၁၁၂၆ အော်ပရေးရှင်း အဖြစ်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလည်း ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမှန်ကန်ပြီး တိုက်ပွဲနှင့်ပတ်သက်၍ ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်)ထံ တိုက်ပွဲအစီရင်ခံစာ တက်လာခြင်းမရှိသေး၍ အစီရင်ခံစာ တက်လာမှသာလျှင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ဆိုသည်။

“ထိတွေ့မှုရှိတာတော့ သေချာပါတယ်။ ကနဦးသတင်းအရ ထိခိုက်ဒဏ်ရာ ရသူတွေကို တပ်ထဲမှာပဲ ကုသပေးနေတယ်လို့ ကြားတယ်။ ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူး” ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ထိုသို့ ထိတွေတိုက်ပွဲ ဖြစ်ပွားစဉ် မင်းတပ်မြို့အခြေစိုက် ခမရ-၂၇၄ တပ်ရင်းသည် မင်းတပ်မြို့ပေါ်တွင် ၄၀-မမ၊ ၁၂၀ မမလက်နက်ကြီးများ ပစ်ခတ်မှုကြောင့် မင်းတပ်မြို့ပေါ်ရှိ ဘုရားကျောင်းဝင်းထဲတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ဦးဒဏ်ရာရရှိကာ လူနေအိမ် တချို့ပျက်စီးသွားကြောင်း သိရသည်။

“မြို့မနှစ်ချင်းဘုရားကျောင်းဝန်းထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားနှစ်ယောက် မင်းတပ်ဆေးရုံမှာ တက်ရောက်ကုသနေကြတယ်လို့ ကြားတယ်။ စစ်ကောင်စီတပ်က ကြောက်လန့်ပြီး မဆင်မခြင်ရမ်းပစ်တာပေါ့ဗျာ။ ယနေ့တော့ မြို့အဝင်/အထွက်ကို စစ်ကောင်စီက တားမြစ်ပြီး မြို့တွင်းနေရာတော်တော်များများမှာ ခလရကင်းပုန်းတွေ ချထားတာရှိတယ်”ဟု ဆလိုင်းမင်းတပ်က ဆက်လက်‌ ပြောကြားသည်။

ယောကာကွယ်ရေးတပ်ဖွဲ့(YDF)သည် မကွေးတိုင်း၊ ကျောက်ထုမြို့ဘက်မှ သန်းဦး တောင်ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကို ဟန့်တား တိုက်ခိုက်မှုများ မပြုလုပ်နိုင်သည့်အတွက် ယခု ရက်ပိုင်းအတွင်း ချင်း-ယောနယ်စပ်တွင် ပူးပေါင်း စစ်ဆင်ရေးတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-မြို့မနှစ်ခြင်းဘုရားကျောင်းနှင့် CDF-မင်းတပ်တပ်ဖွဲ့ဝင်များ(ပုံအဟောင်း)

#မင်းတပ်မြို့ #တပ်စွဲစစ်ကောင်စီ #အလစ်အငိုက်တိုက်ခိုက် #တပ်သား၂ဦးသေဆုံး #လက်နက်ကြီး #ဒေသခံ၂ဦးဒဏ်ရာရ #Ayeyarwaddy_Times