ဧရာဝတီတိုင်းမ်
(ဝေါ)၊ နိုဝင်ဘာ ၂၇ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်း နှစ်ခုကို ယနေ့နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၆ နာရီဝန်းကျင်က KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြ သိရသည်။
ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာအတွင်းရှိ သူရဲသူမိန်ရဲစခန်းကို ယနေ့ နံနက် ၅ နာရီ ၃၀ မိနစ်မှ ၈ နာရီ ၃၀ မိနစ်အထိ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ သုံးနာရီကျော်ကြာ အတွင်း စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သားသုံးဦးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“စခန်းကနေပြန်ဆုတ်ခဲ့ပါပြီ။ သူရဲသူမိန် စခန်းကိုတော့မသိမ်းနိုင်ခဲ့ပါဘူး။ ရွှေကျင် ခမရ -၅၉၈ကိုတော့ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေ ပေးနေတဲ့အတွက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သူရဲသူမိန်စခန်းကို တိုက်ခိုက်နေချိန်တွင် ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာရှိ ခမရ -၅၉၈တပ်ရင်းမှလက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသည့်အတွက် ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုကိုမူ အတိကျသိရခြင်း မရှိသေး ကြောင်းလည်း သိရသည်။
စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းဖြစ်သည့် ရွှေကျင်မြို့နယ်တောင်ဘက်ခြမ်းရှိ ကျုံချောင်း တံတားကို ဖျက်ဆီးနိုင်ခဲ့ပြီး ယခုအခါ ကားများဖြတ်သန်းသွားလာ၍ မရနိုင် တော့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ကျူချောင်ရွာအနီးရှိ စစ်ကောင်စီ ခမရ-၃၅၁ တပ်ရင်းလက်အောက်ခံ တပ်စခန်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#ဝေါ #ရွှေကျင် #စစ်ကောစီစခန်း #သူရဲသူမိန်ရဲစခန်း #တိုက်ခိုက်ခံရ #KNLA #PDF #Ayeyarwaddy_Times