
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
မြန်မာနိုင်ငံဆိုင်ရာဥရောပကုန်သည်ကြီးများအသင်း (Euro Cham Myanmar) အဖွဲ့ဝင် အသင်းကုမ္ပဏီပေါင်း ၁၄၀ ကျော်က ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာတွင် သွင်းကုန်လိုင်စင်နှင့် ဘဏ်ကိစ္စအပါအဝင်အခြားသော အခက်အခဲများကြုံတွေ့နေရကြောင်း ယင်းအဖွဲ့ထံက သိရသည်။
စစ်ကောင်စီသည် နိုင်ငံခြားသုံးငွေအပါအဝင် ပြည်ပကုန်ပစ္စည်းများတင်သွင်းရာတွင် တင်းကျပ်လျက်ရှိပြီး အကန့်အသတ်ဖြင့်သာ လိုင်စင်ချပေးနေကြောင်း ကုမ္ပဏီများထံက သိရသည်။
အဆိုပါကုမ္ပဏီပေါင်း ၁၄၀ ကျော်သည် ဘဏ်ကိစ္စရပ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ဆေးနှင့် ဆေးပစ္စည်းအပါအဝင် ကုန်စည်များတင်သွင်းရာတွင် သွင်းကုန်လိုင်စင် ရရှိရေး ကြန့်ကြာမှုများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာအခက်အခဲများ၊ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေများနှင့် တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ကိစ္စများကို တွေ့ကြုံနေရကြောင်း ယင်းအဖွဲ့ ထံက သိရသည်။
သွင်းကုန်လိုင်စင်ပြုလုပ်ရာတွင်တင်သွင်းမည့်ကုန်ပစ္စည်းအမျိုးစားတစ်ခုအတွက် Harmonized System (HS) Code တစ်မျိုးတည်းကို ငွေကျပ် ငါးသောင်းတောင်ခံပြီး ပစ္စည်းအမျိုးအစားများပါက ကုန်ကျစရိတ်ပိုများလာကြောင်းသိရသည်။
“ အခုက လိုင်စင်လျှောက်တာရော ကွန်တိန်နာရောက်လို့ ပစ္စည်းထုတ်တာရော အကုန်ကြာတယ်။ အလုပ်လုပ် တဲ့သူသိပ်မရှိတော့ဘူး။ ဆိပ်ကမ်းမှာ ပစ္စည်း ထုတ်မယ်ဆိုရင် customs (အကောက်ခွန်) က အရမ်းကြာ တယ်။ Green channel တွေလည်းစစ်တယ်။ ပိုက်ဆံပေးလည်းကြာတာပဲ။ စာရွက်စာတမ်းမှန်လည်းပစ္စည်း ထုတ်မပေးဘူး။ အကြောင်းအမျိုးမျိုုးပြနေတာပဲ” ဟု Export/ Import လုပ်ငန်း ဆောင်ရွက် သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်ကုန်တင်သွင်းရာတွင် အာမခံကြေးဆုံးဖြတ်ရန် ပေးပို့ရခြင်းကြောင့် အချိန် နောက်ကျခြင်း၊ အရောင်းစာချုပ်တွင်မှာယူ ထားသောပစ္စည်း စုစုပေါင်း အရည်အတွက် အတိုင်းချုပ်ဆိုထားပြီး သင်္ဘောဖြင့် ပါဝင်လာသော ပစ္စည်းအရေ အတွက် စာချုပ်တောင်းခံခြင်းများကြောင့် နှောင့်နှေးမှုများ ထပ်မံဖြစ်ပေါ်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် Harmonized System (HS) Code (10 Digit ) ဖြင့် ကုန်စည်လိုင်း ၈,၇၇၄ လိုင်းကို သွင်းကုန်လိုင်စင်လိုအပ်သော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ကုန်ပစ္စည်း ငါးထောင်ကျော်တိုးမြှင့်သတ်မှတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော ကုန်ပစ္စည်း အမျိုးအစားပေါင်း Harmonized System Code (10 Digit ) ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်းသာရှိခဲ့သည်။
ယင်းပြင် သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းစဉ်များသည် အဆင့်ဆင့်ဖြင့်ရှည်လျားပြီး အလိုအလျောက် စနစ်ကို မကူးပြောင်းနိုင်ခြင်း၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် စည်းမျဉ်းများ ရှင်းလင်းမှုမရှိခြင်းကြောင့် ကုမ္ပဏီများအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ ဥရောပကုန်သည်များအသင်း (Euro Cham Myanmar) နှင့် မြန်မာ ကုန်သည်အသင်းအချုပ် (UMFCCI) တို့သည် ပြီးခဲ့သည့် မေလနှင့် နိုဝင်ဘာလတွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ဥရောပကုမ္ပဏီများကြုံတွေ့နေရသည့် အခက်အခဲများ ပြောကြားခဲ့ပြီး ပြောင်းလဲနေသော စီးပွားရေးအခင်းအကျင်းတွင် လုပ်ငန်းကဏ္ဍ အသီးသီး ကြုံတွေ့ နေရသည့် အခက်အခဲများကို စစ်ကောင်စီ၏ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကော်မတီထံ တင်ပြ ပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားထားသည်။
ဓာတ်ပုံ – အေးရှားဝေါ၊ MOI
#စစ်တပ်အာဏာသိမ်း #ဥရောပစီးပွားရေးကုမ္ပဏီ၁၄၀ကျော် #သွင်းကုန်လိုင်စင် #ဘဏ်ကိစ္စများ #အခက်အခဲကြုံ #EurochamMyanmar #Ayeyarwaddy_Times