ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် အနီးရှိ စစ်ကောင်စီ၏ လုံခန် တပ်စခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA) က၀င်ရောက်တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ၀န်းကျင်တွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA) မှ စစ်ကောင်စီ၏ လုံခန်တပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ခလရ-၇၉ မှ တပ်ရင်းမှူး သေဆုံးကြောင်း စစ်ရေးသတင်းရင်း မြစ်ထံ က သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ ခလရ -၇၉ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သိမ်းဆည်း ရရှိသည့် လက်နက်ခဲယမ်းနှင့် သေဆုံးသည့်သတင်း အသေးစိတ်ကို ထုတ်ပြန်ထား ခြင်းမရှိပေ။

စစ်ကောင်စီ၏ လုံခန်တပ်စခန်းကို သိမ်းပိုက်စဉ် သေဆုံးခဲ့သည့် တပ်ရင်းမှူးမှာ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ ခလရ -၇၉ ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာ၀င်း စစ်တက္ကသိုလ် အပတ်စဉ် (၄၅) ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်မမှူး၊ ဗျူဟာမှူးများ ဆက်တိုက် သေဆုံးမှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် နို၀င်ဘာလ ၁၈ ရက်နေ့က နမ့်ခမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီ၏ စကခမှူး လင်းအောင်မိုးနေရာကို ဒုစကခမှူး ဗိုလ်မှူး ကြီး‌ကျော်ဇေ၀င်းဖြင့် အစားထိုးခန့်အပ်ခဲ့ပြီးမကြာမီပင် ဗိုလ်မှူး ကြီး‌ကျော်ဇေ၀င်းပါ ဒရုန်းဗုံးပစ်ချ ခံရ၍ သေဆုံးခဲ့သည်။

အလားတူ နို၀င်ဘာ ၁၉ ရက်နေ့ကလည်း ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်၏ ပင်မ စခန်း ဗျူဟာကုန်းကို မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA)က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် ဒရုန်းဗုံးထိမှန်၍ စစ်ကောင်စီတပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အမှတ် (၁၇) မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်မိုး သေဆုံးခဲ့ပြီး နို၀င်ဘာ ပထမပတ်တွင်းလည်း ရှမ်းမြောက်ရှိ ပန်လုံ ဗျူဟာကုန်းတိုက်ခိုက်ခံရပြီး တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးခဲ့သည်။

မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်အနီးတွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းက နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီ၏ လုံခန်တပ်စခန်းကို တွေ့ရစဉ်

#ရှမ်းမြောက် #မူဆယ်၁၀၅မိုင် #လုံခန်စစ်ကောင်စီတပ် #MNDAAသိမ်းပိုက် #ခလရ၇၉တပ်ရင်းမှူးသေဆုံး #တပ်မမှူးဗျူဟာမှူး #ဆက်တိုက်သေ #Ayeyarwaddy_Times