
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ အရှေ့ဘက်ကမ်းရှိ တန်တစ်ရာ ဆန်စက်ဝန်းထဲတွင် စစ်ကောင်စီတပ်မှ သင်တန်းဆင်း တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ခန့် စခန်းချတပ်စွဲ ထားကြောင်း ဒေသခံများ ထံကသိရသည်။
ဧရာဝတီတိုင်းအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (EROs) နှင့် ပြည်သူကာကွယ်ရေး တပ်မတော် (PDF) တပ်ဖွဲ့ဝင်များ ပြန်ဝင်နေသည်ဟုဆိုကာ မြို့အဝင် မြို့အထွက်များနှင့် မြို့အနီးအနားရှိ ကျေးရွာများတွင် လုံခြုံရေးအင်အားများ တိုးချထားကြောင်း ဒေသခံများထံက သိရသည်။
“တန်တစ်ရာစက်က စပါးမကြိတ်တာကြာပြီ။ အဆောက်အဦးပျက်ကြီးလိုပေါ့။ အဲဒီအထဲမှာ စစ်ကောင်စီတပ် သင်တန်းဆင်းတွေ စခန်းချနေတာ အပြင်မထွက်ဘူး။ အဲဒီအထဲမှာပဲ ချက်ပြုတ်စားသောက်နေကြတယ်။ ကြည့်ရတာ ညဘက်ထွက်ပြီး နေ့ဘက်မှာ အပြင်မထွက်ပဲနေပုံရတယ်။ စစ်ယူနီဖောင်းအပြည့်စုံ လက်နက်အပြည့် အစုံနဲ့ပဲ။ စစ်တပ်က အာဏာသိမ်းပြီးကာစ(၅ရက်အကြာလောက်)က အဲဒီနေရာမှာ စစ်သားတွေ လာနေဖူးတယ်။ ခုလောက်တော့မများဘူး။ ခုက အင်အား ၂၀၀ ကျော်လောက်ရှိမယ်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပျော်ပွဲရွှင်ပွဲများကို ဟန်ပြလုပ်ဆောင်နေ သော်လည်း တော်လှန်ရေးအင်အားစုများ ဝင်ရောက်လာမည်ကို ကြောက်လန့်နေ၍ တက္ကသိုလ်ကျောင်းနှင့် ဆေးရုံကြီးတို့တွင် စစ်ကောင်စီတပ်က စခန်းချနေကြောင်း သိရသည်။
ထို့ပြင် ပြည်သူစစ်နှင့် မီးသတ်များပါ စစ်ကောင်စီတပ်အချို့နှင့် ပူးတွဲ လုံခြုံယူနေရပြီး ညပိုင်းတွင်လည်း ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်း မြောင်းမြမြို့နယ် သလ္လာတိုက်နယ်အတွင်းသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကြောင်းထိုးဝင်ရောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
#မအူပင်မြို့တစ်ဖက်ကမ်း #တန်၁၀၀ဆန်စက်ဝန်း #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ကျော် #စခန်းချတပ်ဆွဲ #Ayeyarwaddy_Times