ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ နိုဝင်ဘာ ၂၆ ရက်)

စစ်အာဏာသိမ်းမှုဟာ ရက်ပေါင်း ၁၀၀၀ ကျော်ကြာရှိလာခဲ့ပြီး ပြည်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့အတူ စီးပွားရေး အခက်အခဲကြောင့် စားဝတ်နေရေး အတွက် ကျပ်တည်းမှုများစွာကို ကြုံတွေ့နေရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အရပ်ဖက်ပြည်သူတွေကို ပစ်မှတ်ထားပြီး မြို့ပြကျေးလက်တွေကို မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် နေရပ်စွန့်ခွာ ပြေးနေရပြီး လူဦးရေ သိန်းနှင့်ချီပြီး ဒုက္ခရောက်နေပါတယ်။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို လျစ်လျူပြုလို့မရဘဲ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

စစ်ရှောင်နေစဉ် ကြုံတွေ့ရသော ကျန်းမာရေးပြဿနာတွေရဲ့ အရင်းခံကို ရှာဖွေတဲ့အခါ အမိုးအကာ အကာအကွယ် ကင်းမဲ့မှုဒဏ်၊ အစားအသောက် ဆေးဝါးမလုံလောက်မှုဒဏ်၊ ရေကောင်းရေသန့် ရှားပါးမှုဒဏ်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ်၊ အနိုင်ကျင့်စော်ကားမှုဒဏ်၊ လိင်စော်ကားအနိုင်ကျင့်ခံရမှုဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှုမရရှိနိုင်ခြင်း တွေအပါအဝင် အခြားသောစိတ်မနှစ်မြို့ဖွယ် အ‌ခြေအနေတွေကိုပါ ခံစားနေရပါတယ်။

ကိုယ်ချင်းစာနာတတ်ကြတဲ့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နားတွေ ပိတ်မထားဘဲ မျက်စိတွေ မှိတ်မထားကြဘဲ ကူညီ ဖေးမကြဖို့ လိုပါမယ်။ ကိုယ်တိုင် ကြုံတွေ့လာနိုင်တဲ့ အ‌ခြေအနေ တွေကိုလည်း ကြိုတင် ပြင်ဆင်ထားကြရပါမယ်။

လက်နက်အားကိုးပြီး အကြမ်းဖက်တာကြောင့် မြန်မာပြည်အနှံ့အပြား နေရာတော်တော် များများက ပြည်သူတွေဟာ နေအိမ် စွန့်ခွာထွက်‌ပြေး‌နေကြရပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်တွေ၊ စစ်ကောင်စီလက် အောက်ခံ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေကြောင့်သာမကဘဲ သန္ဓေမမှန်တဲ့ တော်လှန်ရေးအမည်ခံ အဖွဲ့တွေကပါ အရပ်ဘက်ပြည်သူကို လူမဆန်စွာ လက်နက်ပြ အကြမ်းဖက်နေတာကို တွေ့ကြုံနေကြရပါတယ်။

အဲ့ဒါတွေရဲ့ အကျိုးဆက်အဖြစ် ပြည်သူတွေဟာ စိတ်မလုံခြုံဖြစ်ရပြီး ကြောက်ရွံ့စိုးထိတ်မှုတွေကို နေ့စဉ်ခံစားနေရသလို ကျန်းမာရေးထိခိုက်‌မှုတွေလည်း ရှိနေမှာပါ။ ထွက်ပြေး တိမ်းရှောင်တယ်ဆိုတာ ခြေလျင်၊ ဆိုင်ကယ်၊ နွားလှည်း၊ ကား အစရှိသဖြင့် နည်းလမ်းပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ လမ်းပိတ်ဆို့တာ၊ လက်နက်နဲ့ပစ်ခတ်တာ၊ အကြမ်းဖက်တာ၊ လုယက်တာ မြို့ရွာ ဝင်ခွင့်ပိတ်တာ၊ အိမ်ရာငှားခြင်းမပြုတာ စတဲ့အရာတွေ ဖြစ်ပျက် ကြုံတွေ့နေရပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် ဆိုးရွားတဲ့စိန်ခေါ်မှုတွေက စိတ်ရော၊ ခန္ဓာအတွက်ပါ ကျန်းမာရေးပြဿနာတွေကို ဆက်ဖြစ်စေပါတယ်။

အမိုးအကာ အကာအကွယ် မလုံလောက်ခြင်းကြောင့် အပူ၊ အအေး မမျှတာ၊ ရာသီဥတု ပတ်ဝန်းကျင်ကြောင့် ကျန်းမာရေးထိခိုက်တာတွေကို ကြုံတွေ့နေရပါတယ်။ နေရပ်ပြောင်းရွေ့ပြီး ခိုလှုံရာ ရရှိခဲ့ရင်လည်း သုံးရေ၊ သောက်ရေ၊ အိမ်သာ၊ အစား အသောက် နဲ့ ဆေးဝါး မလုံလောက်ခြင်းတွေ ပြဿနာကို ကြုံတွေ့ရပါတယ်။

ကူးစက်ရောဂါများ၊ နာဖျားခြင်းများ၊ အစာအဆိပ်သင့်ခြင်းများ၊ ဝမ်းရောဂါများကဲ့သို့ ကျန်းမာရေးပြသနာများလည်း ဖြစ်နေကြပါတယ်။

#စိတ်ပိုင်းဆိုင်ရာထိခိုက်မှု

ခေတ်ပျက်မှာ နေရပ်စွန့်ခွာရသူ စစ်ရှောင်ပြည်သူတွေမှာ စိတ်ဓာတ်တက်ကြွနေသူ ဆိုတာ မရှိပါဘူး။ ကလေးငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသား၊ အမျိုးသမီး အားလုံးကိုယ်စီက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားနေရပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို လိုအပ်လျက်ရှိပါတယ်။

#လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု

ကာယကံမြောက်အနိုင်ကျင့်စော်ကားမှု၊ လိင်စော်ကားအနိုင်ကျင့်ခံရမှု တွေကိုလည်း ကြုံနေရပြီး အစော်ကားခံရသူတွေဟာ ထိုက်သင့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို မရရှိတဲ့အပြင် စော်ကားအပြီး သတ်ဖြတ်ခံရခြင်းတွေကိုပါ ကြုံတွေ့နေရပါတယ်။ ဒါတွေက စစ်အာဏာသိမ်းခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ။

#စစ်ဘေးသင့်သူများ

နေရပ်စွန့်ခွာရန်အဆင်မပြေသူများ စစ်မြေပြင်နယ်ပယ်အတွင်းရှိမြို့ရွာများရှိပြည်သူများ ဗုံးခိုကျင်း ကတုတ်ကျင်းများပြင်ဆင်ပြီး အသက်ရှင်အောင်ကြိုးစားနေထိုင်နေရပါတယ်။ ဘယ်အချိန်မှာမဆို လက်နက်ထိမှန်ပြီး သေနိုင်တယ်ဆိုတဲ့ အတွေးနဲ့အသက်ရှင်ရတာ ဟာ တကယ်တမ်းတော့ လွယ်ကူမနေပါဘူး။ စစ်မြေပြင်အတွင်းမှာ အိမ်ဖောက်ခံရခြင်း၊ ခိုးယူဖောက်ထွင်းခြင်း၊ ပြဿနာတွေကို လည်းကြုံတွေ့နေရပါတယ်။

အကြမ်းဖက် စစ်တပ်မင်းအောင်လှိုင်ရဲ့ လေတပ်က လူသားမျိုးနွယ်စုအပေါ် အကြမ်းဖက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဂျီနိုဆိုက်မြောက်တဲ့ လေယာဉ်သုံးပြီး မြို့ရွာ ဖျက်ဆီးမှုတွေကြောင့် သေဆုံးရသူ၊ ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရသူ စိတ်ဒဏ် ရာများစွာနဲ့ ကျန်ရစ်သူ စသဖြင့် နစ်နာနေသည်မှာ နေ့စဉ်ရက်ဆက်ဖြစ်နေပါတယ်။

#ကျန်းမာရေးစောင့်ရှောက်မှု

အိပ်မပျော်ခြင်း၊ အဟာရမပြည့်ဝခြင်း၊ ကာကွယ်ဆေးမရခြင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရခြင်း၊ အရေးပေါ်ကျန်းမာရေးစောင်ရှောက်မှုမရခြင်းတွေဟာ လက်တ လော ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာတွေပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့ပြတွေမှာတောင် ကုန်စျေးနှုန်းကြီးမားခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများပိတ်သွားခြင်း တွေကြောင့် မကြာမီအချိန်မှာ ကျန်းမာရေး အတွက်လိုအပ်တဲ့ ဆေးဝါးတွေ ပြတ်တောက်သွားနိုင်ခြေ ရှိလာပါပြီ။ အကြောက်တရား သွင်း‌ပေးတာမဟုတ်ဘဲ အရှိသဘောကို ဆင်ခြင်ပြီး မိမိတို့ ကျန်းမာရေးအတွက် လိုအပ်တာကို ဉာဏ်ဖြင့်ချင့်ချိန်၍ပြင်ဆင်ထားနိုင်ကြပါစေ။

ဒါတွေအားလုံးရဲ့ အဆုံးသတ်အဖြေက စစ်အာဏာရှင်အဆုံးသတ်ရေး ဖြစ်တာကြောင့် မှောင်မိုက်တဲ့နေရက်များကို ရင်ဆိုင်ကျော်လွှားကြပါ။ လင်းလာတဲ့ရောင်နီကိုလည်း ယုံကြည်အားကိုးပြီးကျော်ဖြတ်ပါ။ မဝေးတော့တဲ့အချိန်မှာ အောင်ပွဲနှင့်အတူ ပြည်သူများအားလုံး ကောင်းမွန်နဲ့စနစ်တခုကို ရရှိတော့မှာဖြစ်တယ်ဆိုတဲ့ မျှော်လင့်ချက် ကိုရင်ထဲမှာ ထည့်ထားပြီး ကျန်းမာရေးကို ပို၍ ဂရုပြုကြဖို့ အကြံပေးပါရစေ။

နောက်တစ်ပါတ်မှာတော့ ဒီဇင်ဘာလ တစ်ရက်နေ့ဟာ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်တာမို့ ပညာပေးဆောင်းပါးလေးကို ဖော်ပြပေးသွားပါမယ်။ AyeyarwaddyTimes ပရိသတ်များအားလုံးလည်း “နဘယံ အမတံ” ဘေးရှင်း အသက်အန္တရာယ်ကင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စစ်ကြောင့်ကြုံနေရတဲ့လတ်တလောကျန်းမာရေးပြဿနာများ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)