နွေဦးမောင် /ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ မအူပင်တံတားပေါ်တွင် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ငှက်ဝင်ဖမ်းသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် အသက် ၁၆ နှစ်အရွယ်ရှိ လူငယ်အမျိုးသား တစ်ဦးဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က မအူပင်တံတားပေါ်တွင်တွေ့ရှိသည့် ငှက်သိုက်ကို ဝင်ဖမ်းရာ ဓာတ်ကြိုးကိုင်မိ၍ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ထံကသိရသည်။

“မြို့ရဲ့ အရှေ့ဘက်ကမ်းက အလှူကို သွားကြပြီး အပြန်မှာဖြစ်တာ။ သူက ငှက်သိုက်ကို တွေ့လို့ တံတားသံဘောင်တွေကြားကနေ ငှက်သိုက်ကို နှိုက်လိုက်တာမှာ ဓာတ်ကြိုးကို ကိုင်မိပြီး ဓာတ်လိုက်သွားတာ။ လျှပ်စစ်အားကပြင်းတော့ လက်ပါပွင့်ထွက်သွားပြီး မီးတွေပါထတောက်တယ်။ နေရာမှာတင် ပွဲချင်းပြီးသေ သွားတာ” ဟု မအူပင်မြို့ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

ဓာတ်လိုက်သေဆုံးခဲ့သည့် အဆိုပါလူငယ်၏ အလောင်းကို ရပ်ကွက်သို့ သယ်ဆောင်၍ ထိုမှတဆင့် အနှိုင်းမဲ့ လူမှုကူညီရေး အသင်းကားဖြင့် မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း မအူပင်မြို့ဒေသခံထံက သိရသည်။

“မအူပင်မှာက မီးက မလာတချက် ၊ လာတချက်နဲ့ ပြတ်တဲ့အချိန်က ပိုများတယ်။ အခုမနက်ပိုင်းကြမှ မီးလာတာနဲ့တိုးတာ။ ကလေးက ငှက်သွားနှိုက်တာရယ်ကြုံတော့ ခုလိုအဖြစ်မျိုးဖြစ်ရတာ။ နောက် တံတားပေါ်က ကေဘယ်ကြိုးတွေ လုံခြုံမှုမရှိတာ လည်းပါတာပေါ့” ဟု ဒေသခံတစ်ဦးကဆိုသည်။

ပုံစာ-နားရေးကူညီမှု့အသင်းကားပုံ
#မအူပင်တံတား #လူငယ်တစ်ဦး #ငှက်သိုက် #ဓာတ်လိုက်သေဆုံး #Ayeyarwaddy_Times