
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးရွာ သုံးရွာမှ ချင်းပြည်သူ ၄၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
လေးမြို့မြစ်ကမ်းဘေးတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ရက္ခိုင့်တပ်တော်(AA)က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မူများရှိခဲ့ပြီး အနီးနားရှိ ချင်းကျေးရွာများဖြစ်သည့် ပဲကောက်ကျောက်တန်းကျေးရွာ၊ ဒုံချောင်းကျေးရွာနှင့် သရက်တောကျေးရွာတို့မှ ပြည်သူ ၄၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ချင်းပြည်သူများထံက သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာက မြစ်တစ်ဖက်ကမ်းဘဲ ခြားတာပါ။ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာကြောင့် ကျည်တွေ၊ လက်နက်ကြီးကျည်စတွေက ရွာအနီးအနား တောင်ကုန်းတွေမှာ ကျရောက်တာတွေရှိတယ်။ AA ကတော့ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ ထိခိုက်မူမရှိအောင်အတွက် ကျွန်တော်တို့ကို ရှောင်ခိုင်းထားပါတယ်” ဟု ချင်းအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်သူ ၄၀၀ ကျော်သည် ဇံယော်မော်ရွာ၊ ကျောက်ဖလားရွာ၊ ဖလားကျရွာနှင့် ငရွှေပြင်ကျေးရွာတို့တွင် စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီ၏ စန်းဖော်တပ်စခန်းက အဆိုပါ ကျေးရွာနေ ပြည်သူများကို မြေပုံမြို့သို့ စျေးအဝယ်အသွားလာကို ကန့်သတ်ထားကြောင်း ချင်းဒေသခံများထံက သိရသည်။
“မနေ့က ပုံမှန်အတိုင်း မြေပုံမြို့ကို ဟွန်ဒါ(စက်လှေငယ်)နဲ့ စျေးဝယ်ဖို့ သွားတာ။ စန်းဖော်စခန်းကုန်းက စစ်သားတွေ သေနတ်တွေနဲ့ လှမ်းပစ်နေတယ်။ လူတော့ မထိဘူး စက်လှေပြန်လှည့်ရတယ်။ ပြီးတော့ စစ်သားတွေက လှမ်းအော်တယ် မသွားရဘူး၊ လမ်းပိတ်ထားတယ် ဆိုပြီး ဆဲဆိုတယ်”ဟု ဒေသခံချင်း အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြေပုံမြို့နယ်တွင် နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၃ နာရီတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပုံစာ-ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းဒေသခံများ
#ရခိုင် #မြေပုံမြို့ #စစ်ကောင်စီတပ်AAတိုက်ပွဲ #ချင်းပြည်သူများ #ထွက်ပြေးတိမ်းရှောင် #အသွားလာကန့်သတ် #Ayarwaddy_Time