ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ပိတ်မိနေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို ဘေး အန္တရာယ်ကင်းစွာ နေရပ်ပြန်ပို့ရေး ကူညီပေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံးကို စုပေါင်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ နိုင်ငံခြားသားတွေ ဘေးလွတ်ရာရွှေ့ပြောင်းမှုကို အသိအမှတ်ပြုကြောင်း၊ အာ ဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သံရုံးတွေနဲ့ ပူးပေါင်းကာ လူသားချင်းစာနာမှု အကူအညီနဲ့ မြန်ဆန်သော ရွှေ့ပြောင်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ဖို့ အရေးကြီးကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

ပဋိပက္ခတွေ အရှိန်မြှင့်လာတာကို အလွန်အမင်း စိုးရိမ်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ထုတ်ပြန်ချက်အတွင်း ထုတ်ဖော်ပြောကြားခဲ့ပြီး စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ အကြမ်းဖက်မှု ရပ်စဲဖို့၊ လူသားချင်း စာနာမှုဉပဒေကို လိုက်နာဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို တောင်းဆိုလိုက်ပါတယ်။

“အရေးပေါ် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖို့နဲ့ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ဘေးကင်းသောလမ်းကြောင်း ဖွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ အာဆီ ယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

တူညီဆန္ဒ ၅ ရပ်မှတစ်ဆင့် မြန်မာ့အရေး ငြိမ်းချမ်းသော အဖြေရှာမယ့် ကတိကဝတ်ကို အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးတွေက ထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံအဖွဲ့ရဲ့ အကျိုးစီးပွားမှာ စည်းလုံးညီညွတ်သော၊ ငြိမ်းချမ်းသော မြန်မာနိုင်ငံက အရေးပါတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်မှုကြောင့် လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သတိပေးခဲ့ပါတယ်။

ကိုးကား – Bernama
Ref; ASEAN foreign ministers unite to call for safe return of nationals amid Myanmar conflict

#Ayeyarwaddy_Times