
ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၂၃ ရက်
ကရင်နီပြည်နယ် “၁၁.၁၁ စစ်ဆင်ရေး” အတွင်း ပိတ်မိနေ၍ ကယ်ထုတ်ခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှ Non CDM ဝန်ထမ်းနှင့် မိသားစုများအနက် ပထမဦးစွာ ၁၀၇ ဦးကို စုံစမ်းစစ်ဆေးပြီးနေရပ် ပြန်နိုင်ရန်စီစဉ်ပေးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ထံက သိရသည်။
Non CDM ဝန်ထမ်း ၇၀ ဦး နှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့ရန် စီစဉ် ခဲ့ပြီးဖြစ်သော်လည်း ပါမောက္ခချုပ်နှင့် ကျန်ရာထူးကြီးသူများကို ဆက်လက်စစ်ဆေး နေဆဲဖြစ်ပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့သူ အများစုမှာ သင်ကြားရေး နည်းပြများ၊ သာမာန်စာရေးများ၊ အောက်ခြေဝန်ထမ်းများနှင့် မိသားစုဝင်များဖြစ် ကြောင်း သိရသည်။
“ကျွန်တော်တို့အရေးယူတဲ့ပုံစံမှာ တချို့က Non CDM တွေရဲ့ မိသားစု၀င်တွေ ဖြစ်တယ်ပေါ့နော်။ သူတို့မှာ Non CDM နဲ့ပတ်သက်ပြီးမှ မဆိုင်ဘူး။နောက်တချို့ Non CDM တွေက လက်လုပ်လက်စား၀န်ထမ်းဖြစ်တဲ့အတွက် သူတို့တွေကိုအပြစ်ပေး အရေးယူစရာမရှိဘူးပေါ့နော်။ အဲ့တာနဲ့ပြန်လွှတ်လိုက်တာဖြစ်တယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဒုဥက္ကဌခွန်ဘီထူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေရပ်ပြန်လည်ပို့ဆောင်ခံရသူများကို Non CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန် ခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ခံဝန်ကတိကို လက်မှတ်ရေးထိုးစေခဲ့ပြီး နေရပ်ပြန်နိုင်ရန် IEC နှင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ဆေးတဲ့နေရာမှာတော့ တချို့အရာတွေက လိုအပ်ချက်တွေရှိတယ်။ တချို့လူတွေက အရေးကြီးတဲ့ မိသားစု၀င်ဖြစ်ပေမယ့် လွှတ်လိုက်ရတာမျိုးတွေရှိတယ်။ အဲ့ဒီတော့ အချိန်လည်း ကျန့်ကြာတယ်။ စစ်ဆေးမှုတွေကလည်း အချက်အလက်တွေ မပြည့်စုံ တဲ့အတွက် တချို့လူတွေကိုလွှတ်လိုက်တာဖြစ်ပါတယ်ပေါ့နော်။ ရာထူးကြီးတဲ့လူတွေ တာ၀န်ရှိတဲ့လူတွေကိုတော့ ဆက်လက်ပြီးမှစစ်ဆေးဆဲဖြစ်ပါတယ်” ဟု IEC ဒုဥက္ကဌ ခွန်ဘီထူးက ဆက်လက်ဖြေကြားသည်။
လွိုင်ကော် တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ကယ်ထုတ်ခဲ့ရသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင်ပေါင်း ၂၀၄ ဦးကို “Non-CDM ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့” မှ စစ်ဆေးခဲ့ပြီး စစ်ကောင်စီနှင့် ပက်သတ်ဆက်နွယ် ခြင်းမရှိသူများနှင့် Non CDMနှင့် သက်ဆိုင်ခြင်းမရှိသည့် မိသားစုဝင်များအား နေရပ်ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Non CDM ဝန်ထမ်းများကို စစ်ကောင်စီက တပ်ရင်း ၂ ရင်းဖြင့် အကာ အကွယ်ယူကာ အထိုင်ချထားသည့် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းမှ ကယ်ထုတ်ခဲ့ ခြင်းဖြစ်ပြီး IEC က ကျန်းမာရေးနှင့် စားဝတ်နေရေးကို တာဝန်ယူခဲ့သော်လည်း စစ်လော်ဘီများက ပါမောက္ခချုပ်နှင့် Non CDM ဝန်ထမ်းများကို တော်လှန်ရေး တပ်ဖွဲ့များက သတ်ဖြတ်၍ ဓားစားခံအဖြစ်ဖမ်းဆီးခဲ့ကြောင်း ဝါဒဖြန့်ပြောဆိုမှုများရှိကာ နိုင်ငံတကာသံရုံးများကိုပါ မဟုတ်မမှန်စွပ်စွဲ သတင်းပေးပို့မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – IEC
#ကရင်နီ #NonCDM၁၀၇ဦး #နေရပ်ပြန်ပို့ #လွိုင်ကော်တက္ကသိုလ် #စက်မှုလက်မှုသိပ္ပံကျောင်း #IEC #Ayeyarwaddy_Times