ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကဘော်ဒေသရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ အမျိုးသား လွတ်မြောက်ရေးတပ်တော်(NLA)ထံသို့ TNLA မှ ထောက်ပံ့ပေးပို့သော လက်နက် ခဲယမ်းများကို NUG တပ်ရင်းတစ်ခုက ကြားဖြတ်သိမ်းယူထား၍ လက်နက်များ ပြန်လည် ရရှိရေးအတွက် တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါ အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA သည် တော်လှန်ရေး စတင်က တည်းက တိုက်ပွဲများဖော်ဆောင်နေသည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့် အတူပါ၀င်ကာ တမူးဒေသတွင် စစ် ဆင်ရေးများဖော်ဆောင်နေရခြင်းကြောင့် TNLA ထံမှ လက်နက်ခဲယမ်းများ အကူ အညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း NLA ထံက သိရသည်။

TNLA တပ်ဖွဲ့မှ ပေးပို့လိုက်သည့် လက်နက်ခဲယမ်းများကို ပင်လည်ဘူးနှင့် ဖောင်းပြင်အကြားတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီး ဌာန(NUG) အမှတ် (၁)စစ်ဒေသ၊ မော်လိုက်ခရိုင်တပ် ရင်း ၁ မှ လမ်း‌ကြောင်းလုံခြုံရေးအတွက် စုံစမ်းစစ် ဆေးရန် လိုအပ်သည်ဟုဆိုကာ လက်နက်များကို သိမ်းယူသွားခြင်းဖြစ်ကြောင်း NLA အဖွဲ့က ထုတ်ပြန်ထားသည်။

မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆင့်ဆင့် ချိတ်ဆက်၍ သယ်ယူခဲ့သည့် လက်နက်ခဲယမ်းများကို ယခုကဲ့သို့ NUG တပ်ရင်းက သိမ်းဆည်းထားသည်မှာ အချိန် ကာလတစ်ခုထိ ရောက်ရှိလာပြီဖြစ်သည့်အတွက်တိုက်ပွဲအတွင်း အရေးတကြီး လိုအပ်‌လျက်ရှိသည့် လက်နက်ခဲယမ်းများကို အမြန်ဆုံးပြန်လည်ရရှိစေရန် NUG နှင့် ချိတ်ဆက်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သိမ်းဆည်းခံရပြီး ၃ရက်အကြာ နို၀င်ဘာ ၂၁ ရက်နေ့တွင် NLA က ထုတ်ပြန်ခဲ့သည်။

သိမ်းယူခံထားရသည့် လက်နက်ခဲယမ်းများမှာ ကျည်ဆံသုံး သောင်းကျော်နှင့် လျက်ဆား ပုလင်းဗုံး၊ ယမ်း ၂၅ ကီလိုဂရမ်၊ သံပုသီးလက်ပစ်ဗုံး၊ RPG- 2 မီးကျည်ဆံ၊ RPG- 2 ကျည် ၆၀-မမ စသည်တို့ဖြစ်ပြီး သယ်ယူလာသည့်လမ်းကြောင်းတွင် လုံခြုံရေးအရဟုဆိုကာ အဆိုပါ ပစ္စည်းများကို သိမ်းဆည်းထားခြင်းဖြစ်ကြောင်း သိရ သည်။

လက်နက်သယ်ဆောင်လာသည့် ကာကွယ်ရေးတပ်ဖွဲ့ တစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး လက်နက်များကိုမူ ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိသေးကြောင်း သိရသည်။

ယခုအခါ NUG နှင့်ချိတ်ဆက်ပြီး လက်နက်ပြန်လည်ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော ကြောင့် လက်နက်များပြန်လည်ရရှိပါက ထပ်မံအသိပေးထုတ် ပြန်ကြေညာသွားမည်ဟု အမျိုးသားလွတ်မြောက်ရေး တပ်တော်(NLA)က ဆိုထားသည်။

ပုံစာ-အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)တပ်ဖွဲ့ဝင်များ
#တမူးကဘော် #TNLAပေးပို့ #NLAလက်နက်များ #NUGဖမ်းဆီး
#Ayeyarwaddy_Times