ဧရာဝတီတိုင်းမ်
(လိုင်လင်းပီ)၊ နိုဝင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူးစိုးဝင်းထိုက်အပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း သုံးဦးသေဆုံးကြောင်းမြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်မတော်(CNA/CNF)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ယနေ့၊ နံနက်ပိုင်းတွင် အပြီးသိမ်းပိုက်ခဲ့ပြီး လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းအများအပြားသိမ်းဆည်ရမိခဲ့ကြောင်းသိရသည်။

” တပ်စခန်းကို နယ်မြေရှင်းလင်းမှုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ အလောင်းသုံးလောင်းတွေ့တယ်။ တစ်ဦးကတော့ ဗိုလ်မှူးပါ။ ကျန်နှစ်ဦးကိုတော့ စိစစ်နေဆဲပါပဲ။ ကျန်တပ်ဖွဲ့ဝင်တွေက အိန္ဒိယဘက်ကို ထွက်ပြေးသွားတယ်လို့ ယူဆရတယ်” ဟု CNAတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အိန္ဒိယဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဒဏ်ရာရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်နေကြောင်းသိရပြီး ချင်း-မီဇိုးနယ်စပ်တွင်လည်း ထွက်ပြေးလာသော စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုဆိုရန် အိန္ဒိယစစ်တပ်က အသင့်စောင့်ဆိုင်းနေကြောင်းသတင်းများထွက်ပေါ်နေသည်။

လိုင်လင်းပီမြို့မှ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်သည် ဆိုင်ကယ်ခရီးဖြင့် တစ်နာရီကျော်မောင်းနှင်ရကြောင်းသိရသည်။

” သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေထဲမှာ ၆၀ မမဗုံးသီးတွေအများကြီးပါတယ်။ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရရှိသူတွေလည်းရှိတော့ လက်နက်ကြီးပြောင်းတွေ၊ သေနတ်တွေကအစ အကုန်သယ်နိုင်မှာမဟုတ်ဘူး။ လက်နက်တွေကို အကုန်ဖွတ်ထားကြတယ်လို့ ထင်တယ်” ဟု CNAတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

လိုင်လင်းပီမြိို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

လိုင်လင်းပီမြို့ကို နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းကို ပိတ်ဆို့ရာမှ ယနေ့၊ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ဓာတ်ပုံ-လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် ခဲယမ်းများ

#ချင်းပြည်နယ် #မတူပီခရိုင် #လိုင်လင်းပီမြို့ #ချင်းအမျိုးသားတပ်မတော် #CNA #CNF #ချင်းကာကွယ်ရေးပူးပေါင်းတပ် #ဗိုလ်မှူး
#Ayeyarwaddy_Times