နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ လိုအပ်နေသော စွမ်းရည်ပမာဏ ထုတ်ယူနိုင်ရေးအတွက် ရုရှားနှင့် အကျိုးတူ လုပ်ဆောင်သည့် မြန်မာပြည်၏ အကြီးဆုံး ပင်းပက်သံမဏိစက်ရုံတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်နေသည့်အပြင် နျူကလီးယားကိစ္စပါ ကြိုးပမ်းလာနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီက အဆိုပါစက်ရုံ ပြန်လည်လည်ပတ်ရန် ဝန်ထမ်းများ ခေါ်ယူနေသလို အလုပ်ရုံ ၂၂ ခုမှ ၁၇ ရုံကို စမ်းသပ်လည်ပတ်၍ သတ္တုရိုင်း ထုတ်လုပ်ရန် ပြင်ဆင်နေပြီး စီမံကိန်းတည်ဆောက်နေစဉ်အတွင်း မြေဧက ၁၁,၀၀၀ ကျော်ကိုလည်း ငွေကြေးအနည်းငယ်ဖြင့် အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်း သိရသည်။

“ဒီကိစ္စကို အရေးတကြီး လုပ်နေတာတွေ ရှိတယ်။ ပြန်လည်ပတ်ဖို့ အားစိုက်နေတာ။ ဒီကနေ လက်နက်ထုတ်တာ၊ အခြားဟာတွေထက် နျူကလီးယားဘက်ကိုလည်း လုပ်နေတာရှိတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက် ပြီးနောက် NLD အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) ပင်းပက်သံမဏိစက်ရုံ စီမံကိန်းကို ရုရှားနှင့်အတူ ပူးပေါင်း၍ ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်း၏ လောင်စာစွမ်းအင်အတွက် ကျောက်မီးသွေးကို ရှမ်းပြည်အလယ်ပိုင်းရှိ ကျေးသီမှ တူးဖော်၍ သဘာဝဓါတ်ငွေ့ကို မကွေး၊ ရွေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းမှ ရယူမည်ဖြစ်ကာ သတ္တုရိုင်းများ ပို့ဆောင်ရန်အတွက် ပင်းပက်သို့ သွယ်တန်းနိုင်ရန် ရထားလမ်းများ ဖောက်လုပ်ပြီး မန်းလေးတိုင်း၊ မြင်းခြံမြို့တွင် ဆက်လက်သန့်စင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး- PYO ထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပင်းပက်သံမဏိစက်ရုံကို စစ်ခေါင်းဆောင် လာရောက်ခဲ့ပြီး ပြည်တွင်းသံမဏိ လိုအပ်ချက် အကြောင်းပြချက်ဖြင့် ပြန်လည်လည်ပတ်ရန် အမိန့်ပေးခိုင်းစေမှု ကြောင့် ၎င်းလက်အောက်ခံ စက်မှုဝန်ကြီး ဌာနက အောက်တိုဘာ ၄ ရက်မှစ၍ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းသည် နိုင်ငံတော်၏ မဟာဗျူဟာကျသည့် စီမံကိန်းတစ်ခုဖြစ်သဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ အဆင့်မီနည်းပညာဖြစ်၍ စိန်ခေါ်မှုများ ရှိနိုင်သောကြောင့် ကျော်လွှားနိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ရမည်ဟု စစ်ကောင်စီခန့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။

စစ်ကောင်စီက လက်နက်ခဲယမ်းများ ထုတ်လုပ်ရန် ရည်ရွယ်သော ပင်းပက်သံမဏိစက်ရုံ စီမံကိန်းသည် ယူရေနီယမ်ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး လက်ရှိတွင် တဘက်ချောင်းတစ်လျှောက် နေထိုင်သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ချိန်းခြောက်လာနေကြောင်း ပအိုဝ်းလူငယအစည်းအရုံး-PYO ထံက သိရသည်။

ထို့အပြင် ပင်းပက်စီမံကိန်း စတင်ချိန်မှစ၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ စပ်စံထွန်းဆေးရုံကို စီမံကိန်းကြောင့် သက်လတ်ပိုင်း လူနာအများစု ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် အဆုတ်ကင်ဆာရောဂါ ခံစားဖြစ်နေကြကြောင်း သိရသည်။

“အဲဒီအဆုတ်ကင်ဆာ ဖြစ်တာကို ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ပြုလုပ်တာမျိုးတော့ မလုပ်ဖူးဘူး။ ဒါပေမယ့် ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အချင်းချင်းပြောတာကတော့ ပင်းပက်မှာ ယူရေနီယံသတ္တူ ထုတ်လုပ်နေပြီ၊ တစ်ခုခုလုပ်နေပြီဆိုတာ သူတို့ခန်းမှန်းကြတယ်။ အဆုတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကတော့ ယူရေနီယံနဲ့ ပတ်သက်တဲ့ အနံ့တွေ၊ ဓာတုတစ်ခုခုပေါ့။ အဲဒီလိုမျိုးတွေ ရှုရှိုက်မိလို့ အဆုတ်မှာ ဇကာတွေဖြစ်တယ် ဆိုတာမျိုး ပြောကြတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပင်းပက်သံမဏိစက်ရုံသည် တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့် အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္တုသိုက်အနီးတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ယူရေနီယံ တွေ့ရှိနိုင်သည့် သိုက် ငါး ခုရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနက တရားဝင် ကြေညာထားသော်လည်း ထိုသတ္တုသိုက်များမှ တူးဖော်ထုတ်လုပ်နေခြင်း ရှိမရှိကိုမူ တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

အဆိုပါ သတ္တုသိုက် နေရာ ငါး ခုတွင် ပင်းပက်ဒေသ မပါဝင်သော်လည်း အခြားသတင်းဌာနများ အဆိုအရ တောင်ကြီးမြို့ အနီးတဝိုက်၌ ယူရေနီယံ တည်ရှိနေသည်ဟု ဆိုကြပြီး ပင်းပက်တောင် စီမံကိန်းသည် ယူရေနီယံ တူးဖော်မည်ဟု ခန့်မှန်းတွက်ချက် ပြောဆိုနေကြသလို ဒေသခံလူထု၏ အဆိုအရ လိုင်းငေါက်ရွာ၏ အနောက်တောင်ဖက် တောင်ပေါ်တွင် ယူရေနီယံ ထွက်ရှိကြောင်း PYO ထံက ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ နေရာကို ဒေသခံများက “ကောင်ကျူ” တနည်း “တောင်ချွန်” ဟု ခေါ်ဝေါ်ကြပြီး ခန့်မှန်းမြေပုံညွှန်း20°42’13.33″N 97°6’12.13″E နှင့်20°42’43.27″N 97° 7140.24″E တွင် တည်ရှိကြောင်း သိရသည်။

ထို့အပြင် တောင်ပေါ်တွင်လည်း စစ်စခန်း ဆောက်လုပ်ထားပြီး ကျေးရွာလူထုများကို ထိုနေရာသို့ မဝင်ရန်အတွက် တားမြစ်ထားသလို ထင်းကောက်ရန်အတွက်ပင် လာရောက်ခွင့် မပေးကြောင်း သိရသည်။

အချို့သော ရွာသားများ အဆိုအရ ပင်းပက်သတ္တုတွင်း စီမံကိန်းမှ ဝန်ထမ်းများက ထိုနေရာတွင် ယူရေနီယံ ရှိနေသည်ဟု သူတို့ကို ပြောပြသလို ယခုစက်ရုံများမှာ သံရိုင်းရော၊ ယူရေနီယံကိုပါ ရှာဖွေထုတ်လုပ်ကြမည်ဖြစ်ကြောင်း ပြောပြသည်ဟု သိရသည်။

“ကျွန်တော် သိသလောက်တော့ ပင်းပက်စီမံကိန်းမှာ ယူရေနီယံထုတ်ဖို့ ကိစ္စပါ ပါဝင်နေတယ်။ ကျွန်တော်က စီမံကိန်း ဝန်ထမ်းတွေဆီက ကိုယ်တိုင်ကြားခဲ့တာ” ဒေသခံရွာသားတစ်ဦးက ပြောသည်။
ပင်းပက်စီမံကိန်းကို မြန်မာစစ်တပ်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် ရုရှားအစိုးရပိုင်Tyazhpromexport (TPE) တို့အကြား ပူးတွဲပရောဂျက်အဖြစ် ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀ဝ၇ ခုနှစ်၊ မေလ ၁၅ ရက်တွင် ရုရှားအစိုးရပိုင်Tyazhpromexport (TPE) ကုမ္ပဏီက ပင်းပက်သတ္တုတွင်းကို ကူညီထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သလို တနှစ်အကြာတွင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း-Rosatom မြန်မာနိုင်ငံတွင် အဏုမြူဓါတ်ပေါင်းဖို တစ်ခုအပါအဝင် အဏုမြူသုတေသန လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် တည်ဆောက်ပေးရန် သဘောတူညီချက်ရပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းပဏာမ ကြေညာချက် ပြုခဲ့သော်လည်း နောက်ပိုင်းတွင် အဏုမြူဓါတ်ပေါင်းဖို တည်ဆောက်မည့်နေရာ၊ တိုးတက်မှုအခြေအနေများကို လူသိရှင်ကြား ဆက်လက်ထုတ်ပြန်ပေးခဲ့ခြင်း မရှိခဲ့ပေ။

အလားတူNLD အစိုးရကလည်း ငွေကြေးအရှုံးပေါ် သည့်အတွက် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပင်းပက်သံမဏိစက်ရုံ လည်ပတ်မှုကို ဆိုင်းငံ့ခဲ့ရာ ပင်းပက်မှ ထုတ်လုပ်သည့် သံကြမ်းများကို ပေးပို့ရသော မြင်းခြံသံမဏိစက်ရုံသည်လည်း လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်က ရုရှားခရီးစဉ်အတွင်း နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို တကျော့ပြန် စတင်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်များ ပါဝင်သော သဘောတူစာချုပ်ကို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း-Rosatom နှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့် အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရုရှားနိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါစီမံကိန်းများတွင် စစ်ကောင်စီနှင့် စီးပွါးရေးအရ အတူယှဉ်တွဲ လုပ်ကိုင်နေကြသည့် ယင်းဒေသမှ အင်အားစုများလည်း ပါဝင်နေပြီး ပင်းပက်သံမဏိစီမံကိန်း ပြန်လည်လည်ပတ်ရန် ကြိုးပမ်းရာ၌လည်း ပအိုဝ်းပြည်သူ့စစ်-PNO က ပူးပေါင်း၍ လုံခြုံရေးယူပေးကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#စစ်ကောင်စီ #ပင်းပက်သံမဏိစက်ရုံ #လက်နက်ခဲယမ်း #ထုတ်လုပ်နေ #နျူကလီးယားကိစ္စပါ #ကြိုးပမ်းနေ #Ayeyarwaddy_Times