
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
စစ်ကောင်စီခန့် ဝန်ကြီးများ လာရောက်သည့် စစ်ကိုင်းခရိုင်စိုက်ပျိုးရေးရုံးကို ယမန်နေ့ညက မီးရှို့မိုင်းခွဲခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့-PAFD ထံက သိရသည်။
အဆိုပါ ခရိုင်စိုက်ပျိုးရေးရုံး အလယ်တွင် စစ်ကောင်စီ ခန့်အပ်ထားသည့် ဝန်ကြီးများ စဉ်ဆက်မပြတ် အသုံးပြု ပွဲကျင်းပလျက်ရှိသော မြတ်ဇေယျာခန်းမရှိပြီး PAFD တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်၊ ည ၆ နာရီခန့်က မီးရှို့၍ မိုင်းထောင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အဲဒီရုံးက ကျယ်တယ်၊ အလယ်ခေါင်တည့်တည့်မှာ ခန်းမအကြီးကြီးပဲ လုပ်ထားတယ်။ စစ်ကောင်စီ ဘယ်ဝန်ကြီးပဲလာလာ ဒီခန်းမကို အသုံးပြုကြတယ်။ ဒီရုံးကို စောစောပိုင်းက မြထွန်းဦးတောင် လာဖူးတယ်လို့ ကျွန်တော်တို့ သတင်းကြားတယ်။ ကျန်တဲ့ဌာနဆိုင်ရာ ဝန်ကြီးတွေလည်း လာနေကြတော့ ဒီရုံးကို ပိတ်ကိုမပိတ်ရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ မီးအရင် ဝင်ရှို့တယ်။ ပြီးတော့ အဆောက်အဦကို မိုင်းထောင်ဖောက်ခွဲခဲ့တယ်” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို ခရိုင်ရုံးပတ်လည်တွင် တိုင်းအရန် ရဲတပ်ခွဲရုံး၊ ခရိုင်မီးသတ်ရုံး၊ ခရိုင်မြို့နယ် စက်မှုလယ်ယာရုံးများ ရှိသည်ဟု သိရပြီး ထိုအခြေအနေကြားမှ PAFD တပ်ဖွဲ့များ စွန့်စွန့်စားစား ဆောင်ရွက်ခဲ့ရသလို ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အဲဒီကနေ ထွက်ပြီး ငါး မိနစ်လောက်နေတော့ သူတို့(စစ်ကောင်စီ တပ်ဖွဲ့ဝင်) ရောက်လာပြီးတော့ စစ်တယ်။ အဲဒီအထဲကို မဝင်ရဲဘူးလို့လည်း ကြားရတယ်။ ရုံးကတော့ တော်တော် စုတ်ပြတ်သတ်သွားတယ်” ဟု ကိုတေဇက ဆိုသည်။
ထိုတိုက်ခိုက်မှုကြောင့် ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တစ်ညလုံးနီးပါး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သလို စစ်ဆေးမှုများလည်း တင်းကြပ်လုပ်ဆောင်နေကြောင်း PAFD ထံက သိရသည်။
#စစ်ကိုင်း #စစ်ကောင်စီခန့် #ဝန်ကြီးများ #လာရောက် #ခရိုင်စိုက်ပျိုးရေးရုံး #မီးရှို့မိုင်းခွဲ
#Ayeyarwaddy_Times