ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်ဒေသ သနန်ကျေးရွာရှိ စစ်ကောင်စီ အကျဥ်းဦးစီးစခန်းတစ်ခုနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖြစ်သည့် ရှမ်းနီတပ်နှင့်ကသည်းတပ်စခန်းတစ်ခုတို့ကို နိုဝင်ဘာ ၂၂ရက်နေ့တွင်ကူကီးအမျိုးသားလွတ်မြောက်ရေးတပ် KNAB (Kuki National Army – Burma) နှင့် တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

KNAB နှင့် တမူးခရိုင်မဟာမိတ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့သည် နိုဝင်ဘာ ၂၂ရက်နေ့ နံနက် ၈နာရီခန့်မှစတင်ကာ သနန်အကျဥ်းဦးစီးစခန်းနှင့်စစ်ကောင်စီပူးပေါင်းတပ်များဖြစ်သည့် ရှမ်းနီအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (SNA) နှင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းအထိုင်ချစခန်းကို

တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅နာရီခန့်တွင်စခန်း နှစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဒေသသတင်းရင်းမြစ်များထံက သိရသည်။

“စတိုက်တဲ့နေ့မှာတော့ တိုက်ပွဲကအတော်လေးပြင်းထန်တယ်ပြောရမယ်။ဗုံးကွဲသံတွေ၊ သေနတ်သံတွေဆက်တိုက်ကြားရတာပဲ။ ကျွန်တော်ကြားသလောက်တော့ ကသည်းတပ်က ၆ ယောက်သေတယ်။ ရှမ်းနီရော ကသည်းရော အရှင်ဖမ်းမိထားတာတွေလည်းရှိတယ်။ စကစ စစ်သားတွေကတော့ ဒီဖက်မှာသိပ်မရှိဘူး။ရှမ်းနီနဲ့ကသည်းပဲများတာ။တိုက်ပွဲစဖြစ်တော့ မြို့ သစ်မြို့နဲ့ သနန်ရွာကြားတစ်လျှောက် သေနတ်သံတွေဆူညံနေတာပေါ့။သနန်ဒေသခံတွေကတော့ တစ်ရွာလုံးပြေးကြတယ်။အနီးနားရွာတွေလည်း တစ်ချို့ကြောက်ပြီးပြေးကြတယ်။တစ်ချို့ကတောတောင်တွေထဲ၊တစ်ချို့ကတေ့ာ အိန္ဒိယဖက်ခြမ်း ဖိုင်ကော့ရွာဖက်ကိုပြေးကြတယ်။”ဟု သနန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲစဖြစ်ချိန်တွင် သနန်ကျေးရွာအပါအဝင် ဖိုင်လင်း၊ မန်တော၊ စေတီ၊ နန်းအောက်မော်၊ စိုးသာရွာ စသည့် ကျေးရွာနေ ဒေသခံတစ်ထောင်ကျော်သည် းဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ အချို့သော ကျေးရွာဒေသခံများက နေရပ်သို့ပြန်လည် နေထိုင်နေကြပြီဟု သနန်ဒေသခံကပြောသည်။

“သနန်ရွာက အိမ်ခြေ ၂၀၀ကျော်လောက်ရှိမယ်။တိုက်ပွဲစဖြစ်တော့ အကုန်ပြေးကြတာပေါ့။ အခုလက်ရှိတော့ ရွာထဲပြန်ရောက်နေကြပါပြီ။ တစ်ချို့အိန္ဒိယဖက်ထိ ပြေးသွားသူတွေလည်း ရှိတယ်။ ကျွန်မတို့ဖက်က ကသည်းနဲ့ရှမ်းနီတွေကို ရှင်းထုတ်ပေးတာ တကယ်ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့တောသူတောင်သားတွေရဲ့ ချွေးနဲစာကို အကြောင်းအမျိုးမျိုးပြပြီး တောင်းတယ်။ဆတ်ကြေးကောက်တယ်။ အနိုင်ကျင့်တယ်။ မထင်ရင်မထင်သလို ကျွန်မတို့ရွာသားတွေကို PDF လို့စွပ်စွဲပြီး

ဖမ်းတယ် ရိုက်တယ် သေတဲ့အထိနှိပ်စက်ကြတယ်။ အခုလို သတို့ကိုရှင်းထုတ်ပေးတာကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်” ဟု သနန်ဒေသခံ ကူကီးတိုင်းရင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

သနန်ကျေးရွာသည် အိမ်ခြေ ၂၀၀ကျော် ရှိသည့် တမူးအထက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ် ရွာငယ်လေးဖြစ်ပြီး တမူး-အောင်ဇေယျ လမ်းမပေါ်တွင်တည်ရှိကာ ကူကီးလူမျိုးစု အများအပြားနေထိုင်ရာဒေသဖြစ်၍ ရှမ်းနီတပ်နှင့် ကသည်းတပ်တို့ လှုပ်ရှားရာနေရာလည်းဖြစ်ပါသည်။

ပုံစာ – ထွက်ပြေးတိမ်းရှောင်နေရသည့် သနန်ဒေသံများ
#တမူးအထက်ပိုင်း #သနန်ကျေးရွာ #ရှမ်းနီ #ကသည်း #အိန္ဒိယနယ်စပ် #စခန်းသိမ်း #Ayeyarwaddy_Times