
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အမျိုးသမီးတစ်ဦးပျောက်ဆုံးမှုအတွက် အချိန်ကိုးရက်ကြာပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့ထံ ငွေကျပ် ငါးသိန်းပေးမှသာ အမှုဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်မြို့၊ အရှေ့ကိုးသိန်း မဒေ့ါကုန်းရပ်ကွက်၌ နေထိုင်သည့် အသက်၂၄ နှစ်ဝန်းကျင်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့က နေအိမ်မှ မြို့တွင်းသို့ ဈေးဝယ်သွားစဉ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
“လူပျောက်သွားတာကြာပြီ ။ရဲစခန်းကအမှုဖွင့်ပေးဖို့ငွေမရလို့ကိုအချိန်ဆွဲနေတာ။ နောက်မှငွေငါးသိန်းပေးရင်အမှုဖွင့်ပေးမယ်ပြောလာတယ်။ အဲ့တာနဲ့ တာဝန်မှူးကိုငွေပေးလိုက်ရတယ်။အမှုသာဖွင့်ပြီးတာအခုထိဘာမှကိုမထူးဘူးဖြစ်နေတယ်” ဟု ပျောက်ဆုံးနေသည့်အမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်သွားလာခဲ့သည့် CCTV မှတ်တမ်းအချို့ရရှိထားပြီးဖြစ်သော်လည်း အမှုအပေါ်အချိန်ဆွဲနေပြီး ငွေတောင်းရန် ရဲတပ်ဖွဲ့မှ ကြိုးပမ်းနေကြောင်းလည်း ဒေသခံများထံကသိရသည်။
“စီစီတီဗီမှတ်တမ်းတွေလည်းရနေတာတောင်အခုထိကိုမတွေ့သေးဘူး။ရဲတွေဘက်ကတမင်တကာငွေထပ်တောင်းချင်လို့အချိန်ဆွဲနေတာလားမပြောတတ်တော့ဘူး”ဟု မှုခင်းဖြစ်စဉ်ကို သိသူတစ်ဦးကဆိုသည်။
အလားတူ ပုသိမ်မြို့၌ ယခုလနှစ်ပတ်တာအတွင်း လူငယ်အမျိုးသား နှင့်အမျိုးသမီး စုစုပေါင်း ၁၀ ဦးထက်မနည်း ပျောက်ဆုံးမှုရှိနေကာ လက်ရှိအချိန်အထိ လူပျောက်မှုများအတွက် မဖော်ထုတ်နိုင်သေးကြောင်း မြို့ခံများထံကသိရသည်။
#ပုသိမ် #အမျိူးသမီးတစ်ဦးပျောက်ဆုံးမှု #ရဲတပ်ဖွဲ့ #ငွေကျပ်၅သိန်းပေးမှ #အမှုဖွင့်ပေး
#Ayeyarwaddy_Times