ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၄ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်‌စန်းကျော့ ဂိတ်အနီးရှိ 7 ဟွာကျင့်၀င်းအတွင်း၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကုန်တင်ယာဉ် အစီး ၁၀၀ နီး ပါး မီးလောင်းကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

နို၀င်ဘာ ၂၃ ရက် နံနက် ၈ နာရီခွဲခန့်က ကား၀င်းအတွင်းသို့ လက်နက်ကြီး ငါးလုံးခန့် ကျရောက်ပေါက် ကွဲပြီး ကုန်တင်ယာဉ် ငါး စီးခန့် စတင်မီးလောင်ကျွမ်းခဲ့ရာမှ ကုန်တင်ယာဉ် ရာဂဏန်းအထိ မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၅ နာရီ ၃၀မိနစ် အချိန်ခန့်မှ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ 7 ဟွာကျင့်ကား၀င်းသည် တရုတ်နိုင်ငံမှ တင်သွင်းသော သွင်းကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များ ရပ်နားရာ ကား၀င်းဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။

“၂၇ ရက်နေ့ကတည်းက ကုန်ကား ၁၅၀ ၀န်းကျင် လောက်ပိတ်မိနေတာ။ လောင်တဲ့ထဲမှာ ၈၅ စီးလောက် ပါသွားတယ်။ မောင်းရွှေ့လို့ရတဲ့ ကားတွေကို မောင်းရွှေ့တာတောင်ပါကုန်တာ။ လက်နက်ကြီးငါး လုံးလောက်ရှိမယ် “ဟု ကုန်ကား မောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် ကုန်တင်ယာဉ်တစ်စီးလျှင် တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း၅၀၀၀ နီးပါးရှိ ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမီး လောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းတို့လုပ် ရပ်မဟုတ်ဟု ငြင်းဆိုထားသော်လည်း နို၀င်ဘာ ၂၂ ရက်နေ့ ညပိုင်းကတည်းက ကျင်စန်းကျော့ဂိတ်အနီးသို့ TNLA နှင့် ပူးပေါင်းအဖွဲ့များ ရောက်ရှိနေသည်ဟုဆို ကာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် ရုပ်သံဖိုင်ကို လူမှုကွန်ရက်တွင် ဒေသခံ ပြည်သူများ တင်ထားသည်ကို တွေ့ရသည်။

#မူဆယ် #ကျင်စန်းကျော့ #ကုန်တင်ယာဉ်၀င်း #ကုန်ကား၁၀၀နီးပါးမီးလောင်
#Ayeyarwaddy_Times