
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၄ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီ၏ မိုင်းကျက်စခန်းကို တစ်လနီးပါးအကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက အဆိုပါ မိုင်းကျက်တပ်စခန်းကို TNLA က တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာတွင် စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းကျက်စခန်းသည် စစ်ကောင်စီ၏အဓိကကျသည့် စခန်းဖြစ်ပြီး စစ်ကောင်စီက ယင်းစခန်းကိုကာကွယ်ရန်အတွက် လေကြောင်းပစ်ကူများ၊ လေကြောင်းမှ လက်နက် ရိက္ခာဖြည့်တင်းပေးမှုများ လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ကူများကိုပါ အသုံးပြုခဲ့ သည့် တပ်စခန်းတစ်ခုဖြစ်သည်။
ယင်းစခန်းကုန်းကို TNLA က ပထမအကြိမ် သိမ်းယူရရှိထားပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြောင့် ခေတ္တစွန့်ခွာ ပေးခဲ့ရပြီး ယခုဒုတိယအကြိမ်တွင် စခန်းကုန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စခန်းကုန်းကို ရှင်းလင်းရာတွင် ဟောင်၀စ်ဇာအမြောက်အပါအ၀င် စက်သေနတ်၊ ၁၂၀ မမ နှင့် လက်နက်ငယ် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ မိုင်းကျက်စခန်းတွင် စစ်ကောင်စီအင်အားရာကျော်ရှိပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ ဆက်တိုက်ပြုလုပ်ပေးခဲ့သည့် စခန်းကုန်းတစ်ခုဖြစ်ကြောင်း သိရ သည်။
ပုံစာ- မိုင်းကျက်စခန်းကုန်းမှရရှိသည့် လက်နက်ခဲယမ်းများ(TNLA)
#ရှမ်းမြောက် #လားရှိုး #မိုင်းကျက်စစ်ကောင်စီစခန်း #TNLA #သိမ်းပိုက်ခံရ #Ayeyarwaddy_Times