ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်သည်မှာ မှန်ကန်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောဆိုသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်အမိန့်ကို အကျဉ်းထောင်ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း စီရင်ဆောင်ရွက်ပြီးကြောင်း စစ်ကောင်စီသတင်းစာက ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်မှုနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းမ်သတင်းဌာနက ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

“ခင်ဗျားတို့ကို ဘာမှပြောစရာ မရှိဘူး။ သတင်းစာမှာ ပါတဲ့အတိုင်းပဲ။ ဥပဒေနဲ့အညီ လုပ်တာ”ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက သေဒဏ်ကြိုးပေးကွပ်မျက်လိုက်ပြီဟူသော သတင်းကြောင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏ မိသားစုတချို့မှာ အင်းစိန်ထောင်သို့ ရောက်ရှိနေပြီး အင်းစိန်ထောင်ပိုင်ကြီးနှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။

ထိုသို့ သွားရောက်မေးမြန်းစဉ် အင်းစိန်ထောင်တာဝန်ရှိသူတချို့က အဆိုပါ နိုင်/ကျဉ်း ၄ ဦးအား ကွပ်မျက် လိုက်သည်မှာ မှန်ကန်ကြောင်းနှင့် အလောင်းပြန်မရကြောင်း ပြောဆိုသည်ဟု မိသားစုဝင်တို့၏ ပြောကြားချက်ကို ကိုးကား၍ Burma VJ သတင်းကလည်း ဖော်ပြသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ကြိုးပေးကွပ်မျက်သည့်သတင်း ထွက်ပေါ်ပြီးနောက် ယနေ့တွင် စစ်ကောင်စီက အင်းစိန်ထောင်ကို လုံခြုံရေးတိုးမြှင့်ချထားသည်။