ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၅ ရက်

စစ်ကောင်စီက သေဒဏ်ကြိုးပေးကွပ်မျက်လိုက်ပြီဟူသော သတင်းကြောင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၏ မိသားစုတချို့ အင်းစိန်ထောင်သို့ ရောက်ရှိနေပြီး အင်းစိန်ထောင်ပိုင်ကြီးနှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

“မိသားစုဝင်တွေ အင်းစိန်ထောင်ကို ရောက်နေပြီးတော့ ထောင်ပိုင်ကြီးနဲ့ တွေ့ခွင့်ရဖို့ ကြိုးပမ်းနေတယ်။ အခုလက်ရှိက ထောင်ထဲတော့ ဝင်ခွင့်ရပြီ။ ထောင်ပိုင်ကြီးနဲ့တော့ မတွေ့ရသေးဘူး။ ထောင်ဝင်စာ တွေ့တဲ့နေရာမှာ စောင့်နေရတယ်”ဟု ကိုဖြိုးဇေယျာသော်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးကွပ်မျက်လိုက်ပြီဆိုပါက အလောင်းကို ပြန်ထုတ်ပေးရန်နှင့် မိသားစုမှ မီးသဂြိုလ်ခွင့်ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို ကြိုးပေးကွပ်မျက်သည့်သတင်း ထွက်ပေါ်ပြီးနောက် ယနေ့တွင် စစ်ကောင်စီက အင်းစိန်ထောင်ကို လုံခြုံရေးတိုးမြှင့်ချထားသည်။