ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
စစ်ကောင်စီပြည်ထဲရေးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ပင်ပန်းကြမ်းတမ်းမှုနဲ့သက်စွန့်တာဝန်စရိတ် (Hardship and Risk Allowance )အဖြစ် ၁ လ ကို ၁ သောင်းကျပ် ထောက်ပံ့မယ်လို့ စစ်ကောင်စီဘက်က ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
အဲ့ဒီသက်စွန့်တာဝန်စရိတ် တလ ၁ သောင်းကျပ်ကို လာမယ့်သြဂုတ်လက စတင်ပေးမယ်လို့ဖော်ပြထားပါတယ်။
စစ်အုပ်စုလက်အောက်ခံရဲတွေဟာ စစ်ကောင်စီက ပေးတဲ့ သက်စွန့်တာဝန်စရိတ်အဖြစ် တရက်ကို ၃၃၀ ကျပ်နှုန်းနဲ့ ၁ လ ကို ၁ သောင်းကျပ်ရရှိမှာဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံအနှံ့ စစ်အုပ်စုကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ EAO အဖွဲ့တွေရဲ့တိုက်ပွဲတွေအကြား စစ်အုပ်စုသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေရဲ့သေဆုံးမှုဟာ နေ့စဥ်မြင့်တက်နေတာပါ။
စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းမှာဘဲ ၄င်းတို့လက် အောက်ခံ Non-CDM တွေကို အိမ်ငှားစရိတ်ထောက်ပံ့မယ်လို့ထုတ်ပြန်ခဲ့ပါသေးတယ်။