
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်
စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးမှ သေဒဏ်အမိန့်ချမှတ်ခံထားရသော နိုင်ငံရေးအကျဥ်းသား ၂ ဦးဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အပါ အဝင် ၄ ဦးကို သေဒဏ်စီရင်ပြီးစီးပြီဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၂၅ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကောင်စီက ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို မိသားစုဝင်များနှင့်အွန်လိုင်းမှတဆင့် ထောင်ဝင်စာတွေ့ဆုံခွင့်ပေးခဲ့ကြောင်းသိရသည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦး၏ သေဒဏ်အမိန့်ကို အတည်ပြုကြောင်းစစ်ကောင်စီဘက်က ဇွန်လ ၃ ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပြီး ၁ လကျော် အကြာတွင် ပြစ်ဒဏ်စီရင်ပြီးစီးသည်ဟု ဖော်ပြလာခြင်းဖြစ်သည်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း သေဒဏ်အမိန့်အတည်ပြုခြင်းနှင့် ပတ်သက်၍ အမှန်တကယ်သေဒဏ်ပေးမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။