ဧရာဝတီတိုင်းမ်
(ရိခေါဒါရ်)၊ နိုဝင်ဘာလ ၂၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့တွင် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်ရန် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် Hualngo People

Organization(HPO)တို့ ပူးပေါင်း၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

CNA/CNF နှင့် HPO/CDF-Hualngoram အနေဖြင့် လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် အမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်မှုအဆင်ပြေစေရေးကို ရှေးရှုလျက် ဒေသခံများကိုယ်တိုင်ဖော်ဆောင်သည့် ရိခေါဒါရ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးကို ပူးတွဲ၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယမန်နေ့၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“ချင်းပြည်မှာ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို ကျွန်တော်တို့ စတင်ပြီးမှ ကျင့်သုံးမယ့်နေရာဖြစ်တယ်။ ဒီကနေစပြီးမှ ကျွန်တော်တို့ရှေ့ဆက်ပြီးမှ ဆောင်ရွက်သွားဖို့ရှိပါတယ်။ လုံခြုံရေးကို နှစ်လ၊ သုံးလအတွင်း ကျွန်တော်တို့ တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှာပါ။ လုံခြုံ‌ရေးဆိုတဲ့နေရာမှာ နယ်မြေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးကို ကျွန်တော်တို့ ပေးမှာပါ” လို့ HPOအထွေထွေအတွင်းရေးမှူးဂျွန်ရိုဗာက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

CNA/CNF နှင့် HPO/CDF-Hualngoram အနေဖြင့် နှစ်ဖက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံပြည်သူများ ဒေသအတွင်းလုံခြုံချောမွေ့စွာ ပြန်လည်ဝင်ရောက်လာနိုင်‌ရေး၊ ပြည်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးတို့ကို ပြည်သူလူထုပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း မိမိအသက်အန္တရာယ်လုံခြုံရေးအတွက် ယာယီစစ်ဘေးရှောင်ဒေသခံပြည်သူများ၊ ဒါဏ်ရာရရဲဘော်များနှင့် ပြည်သူတို့၏ လူမှုအခက်အခဲအလုံးစုံကို ကူညီဖြေရှင်းပေးသော မီဇိုးရမ်ပြည်နယ် အစိုးရအပါအဝင် အိန္ဒိယဗဟိုအစိုးရ၊ မီဇိုးရမ်ဒေသခံပြည်သူများ၊ လူမှုအသင်းအဖွဲ့များအား အထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဟိုဘက်ကမ်းကို စစ်ဘေးရှောင်တာကို ခွင့်ပြုပေးတယ်။ ခွင့်ပြုပေးတဲ့အပြင် စားနပ်ရိက္ခာတွေကိုလည်း တတ်နိုင်သလောက် ပံ့ပိုးပေးကြတယ်ပေါ့နော်။ ပြီးတော့ ကျေးရွာလူထုခန်းမတွေမှာလည်း နေရာချပေးထားမျိုးတွေကို လုပ်ပေးပါတယ်။ အရပ်သားထိခိုက်မှုအပေါ်မှာ ကျွန်တော်တို့ အင်မတန်မှ ဝမ်းနည်းတယ်။ သို့သော် အထိအခိုက်အနည်းဆုံးဖြစ်ျအာင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာပေါ့နော်။ အခုအိမ်တွေလည်း ပျက်စီးမှုတွေရှိပါတယ်။ ဒါတွေကို ပြန်လည်ပြုပြင်ကုစားပေးဖို့တော့ အစီအစဉ်ရှိပါတယ်”လို့ အထွေထွေအတွင်းရေးမှူးက ဆက်လက်ပြောဆိုသည်။

အိန္ဒိယ – မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို ပြီးခဲ့သည် နိုဝင်ဘာလ ၁၃ ရက်က CNF/CNA၊ CDF –

Zanniatram ၊ PDA – Tedim၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် အချက်အခြာကျသော ရိခေါဒါရ်မြို့သည် နှစ်နိုင်ငံကြားရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးသည့်အလျှောက် ပြည်သူ့လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေး အထူးလိုအပ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့များက ရိခေါဒါရ်မြို့ကို ထိန်းချုပ်နိုင်သည့် နောက်ပိုင်းတွင် ပြည်သူ့အုပ်ချုပ်‌ရေးကို ပီပီပြင်ပြင်ဆောင်ရွက်ကာ ကုန်သွယ်ရေးလမ်းမကြီး၏ အရေးပါမှုများကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

ဓာတ်ပုံ-ရိခေါဒါရ်မြို့
#ရိခေါဒါရ် #ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် #ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်း #CNF #အိန္ဒိယ- #မြန်မာ #ကုန်သွယ်ရေး #Ayeyarwaddy_Times