ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၂၃ ရက်

ရှမ်းပြည်မြောက်ပိုင်း တအာင်းတပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် TNLA အဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၇) ဗိုလ်မှူးချုပ် လင်းအောင်မိုး သေဆုံးခဲ့ပြီး ၎င်းနေရာတွင် အစားထိုး၀င်လာသည့် ဒုစကခမှူး ဗိုလ်မှူး ကြီးကျော်ဇေ၀င်းပါ တိုက်ပွဲအတွင်းထပ်မံသေဆုံး သွားကြောင်း သိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၁၈ ရက်နေ့က နမ့်ခမ်းတိုက်ပွဲတွင် သေဆုံးသွားသည့် စစ်ကောင်စီ၏ စကခမှူးနေ ရာကို ဒုစကခမှူး ဗိုလ်မှူးကြီး‌ကျော်ဇေ၀င်းကို အစား ထိုးခန့်အပ်တာ၀န်‌ပေးလိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထိုသို့အစားထိုးခန့်အပ်ပြီးနောက် ယမန်နေ့ နို၀င်ဘာ ၂၂ ရက်နေ့တွင် နမ့်ခမ်းတိုက်ပွဲ၌ ဒရုန်းဗုံးထိမှန်ကာ သေဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နို၀င်ဘာလ ၁၈ ရက်နေ့ကတည်းက သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ် လင်းအောင်မိုး အလောင်းကို ယမန်နေ့ နို၀င်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အတွင်းသို့ MI -17 ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့တွင်လည်း ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်၏ ပင်မခစန်းဗျူဟာကုန်းကို မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သည့် တအာင်းတပ်မတော် (TNLA) မှ ၀င်ရောက်တိုက်ခိုက်ရာ ဒရုန်းဗုံးထိမှန် ၍ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၁၇ မှ ဗျူဟာမှူး ဗိုလ်မှူးကြီးတင်အောင်မိုး သေဆုံးသွားခဲ့ပြီး နို၀င်ဘာပထမပတ်အတွင်းကလည်း ရှမ်းမြောက်ရှိ ပန်လုံ ဗျူဟာကုန်းတိုက်ခိုက်ခံရပြီး တပ်မ (၉၉) ၏ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်သေဆုံးခဲ့သည်။

ဓာတ်ပုံ-သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ် လင်းအောင်မိုး

#ဗိုလ်မှူးချုပ်လင်းအောင်မိုး #အစားထိုး၀င် #ဒုစကခမှူးသေဆုံး #Ayeyarwaddy_Times