ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စစ်ကောင်စီ၏ စစ်ရေးအချက်အချာအကျဆုံး ရန်ကြီးအောင်ကျေးရွာ စစ်တပ်စခန်းကို နိုဝင်ဘာ ၂၃ရက်နေ့ နံနက် ၈နာရီနှင့် ၉နာရီကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် CNDF ၊ CDF-KKG ၊ ပကဖ (ကလေးမြို့နယ်) ၊ ကလေးခရိုင်အထူးလှုပ်ရှားတပ်ရင်း နှင့် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံကသိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အလွန်မှစတင်ကာ ရန်ကြီးအောင်စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြပြီး နိုဝင်ဘာ ၂၁ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၂၃ရက်နေ့ နံနက်၈နာရီနှင့်၉နာရီကြားတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါစခန်းသိမ်းအပြီး၌ စစ်ကောင်စီတပ်သားအလောင်း၁၁လောင်းကိုတွေ့ရှိခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက သဂြိုလ်ပေးခဲ့ကြကြောင်းနှင့်အရှင်ဖမ်းဆီးရမိသည့် ၂ဦးကိုလည်းနိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

“စခန်းကိုရှင်းလင်းရေးလုပ်နေတုန်း Mi 35 နဲ့ တစ်ခေါက်၊ ဂျက်ဖိုက်တာနဲ့တစ်ခေါက် လာပစ်တယ်။ပြီးတော့ပေါ်မလာတော့ဘူး။ မနေ့ကဆို Mi 35 ရဟတ်ယာဥ် နဲ့ နှစ်ခေါက် လာပစ်တယ်။ပြီးတော့ ရဟတ်ယာဥ် ပေါ်ကနေ ဒီကောင်တွေကို လေထီးတွေနဲ့ ခဲယမ်းတွေလာချပေးတယ်။ ဖြစ်ချင်တော့ အဲ့လေထီးကကျွန်တော်တို့ဆီ တည့်တည့်ကျလာတာပဲ။ အဲ့ဒါတွေပါထည့်ပေါင်းရင် လက်နက်ခဲယမ်းသိမ်းဆည်းရမှု မနည်းဘူးဗျ။ စာရင်းပြုစုနေဆဲပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်က ချင်းအမျိုးသားကာကွယ်ရေးတပ် (Chinland Defense Force – CNDF) ရဲဘော်တစ်ဦးနှင့် ကလေးခရိုင်အထူးလှုပ်ရှားတပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးကာ ဒဏ်ရာရသူ လေးဥဦးရှိကြောင်း သိရသည်။

လက်ရှိတွင် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို ဒရုန်းကင်းထောက်ယာဥ်ဖြင့် လိုက်လံရှာဖွေကာ ညနေပိုင်းတွင်လည်းထိတွေ့မှုအနည်းငယ်ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရန်ကြီးအောင်ကျေးရွာသည် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပြင်းထန်သဖြင့် ဒေသခံ အရပ်သားများ ရွာလုံးကျွတ် တိမ်းရှောင်သွားကြပြီးဖြစ်ကာ ကလေးမြို့နယ်တောင်ပိုင်း ကလေး -ဂန့်ဂေါ ကားလမ်းနံဘေးတွေတည်ရှိ၍ ကလေးမြို့နှင့်မိုင် ၃၀ကျော်ခန့်ကွာဝေးသည့်စစ်ကောင်စီ၏ မကွေးတိုင်းနှင့်ချင်းပြည်နယ်အတွက် ထောက်ပို့အင်အားကို အဓိကအားထားလှုပ်ရှားရာ စစ်တပ်စခန်းတစ်ခုလည်းဖြစ်သည်။

ပုံစာ-ရန်ကြီးအောင်တပ်စခန်းမှ သိမ်းဆည်း
ရမိသောလက်နက် ခဲယမ်းများ

#စစ်ကိုင်း #ကလေးမြို့တောင်ပိုင်း #ရန်ကြီးအောက်တပ်စခန်း #သိမ်းပိုက် #Ayeyarwaddy_Times